အားလုံးပဲ မင်္ဂလာပါ။ နိုင်ငံတကာအစားအစာများကို နှစ်သက်တဲ့ အစားအစာချစ်သူများအတွက် ဒီတစ်ခါမှာတော့ ပြင်သစ်စတိုင်လ် ချက်ပြုတ်ထားတဲ့ ဝက်ပေါင်ခြောက် ချိစ်အစာသွပ် ကြက်သားလိပ် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်ပေါင်ခြောက် ၈ ချပ်
  • ချိစ် ၈ အောင်စ
  • ကြက်ရင်အုံသား ၄ တုံး
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • အကြော်ခံ ပေါင်မုန့်အကြေအစများ

  • ထောပတ် စားပွဲတင်ဇွန်း ၆ ဇွန်း (အရည်ဖျော်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ရင်အုံ တစ်တုံးချင်းစီကို အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းပြီး ၂ တုံးဖြစ်သွားအောင် လှီးဖြတ်ထားပါ။

၂။ ရရှိလာတဲ့ ကြက်ရင်အုံတုံးများကို ပလပ်စတစ်ဖြင့် အုပ်ထားပြီးနောက် အလေးတုံးဖြင့် ပြားနေအောင် ထုလိုက်ပါ။

၃။ ထို့နောက် ကြက်သားပြား တစ်ပြားချင်းစီပေါ်တွင် ဝက်ပေါင်ခြောက်များ တင်ထားလိုက်ပါ။ ထို့နောက် ချိစ်များကို အချပ်လိုက်သော်လည်းကောင်း၊ အချောင်းလိုက် ချေမွ၍သော်လည်းကောင်း တင်ထားလိုက်ပါ။

ထို့နောက် ကြက်သားပြားများကို တင်းနေအောင် လိပ်လိုက်ပါ။ ပြီးရင်တော့ ပလပ်စတစ်အိတ်ဖြင့် တင်းကြပ်စွာ ထုပ်ထားလိုက်ပါ။

၄။ ရရှိလာတဲ့ ကြက်သားလိပ်များကို ရေခဲသေတ္တာထဲတွင် အနည်းဆုံး မိနစ် ၃၀ မှ တစ်ရက်ကြာသည်အထိ ထည့်ထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်အောင် ထည့်ပြီးတဲ့နောက်မှာတော့ ကြက်သားလိပ်များထံမှ ပလပ်စတစ်အိတ်ကို ဖယ်ရှားလိုက်ပါ။ ထို့နောက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားလိုက်ပါ။

၆။ နောက်တစ်ဆင့်အနေနဲ့ ကြက်သားလိပ်များကို ထောပတ်ထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် အကြော်ခံ ပေါင်မုန့်ဖြင့် ကပ်လိုက်ပါ။

၇။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားလိပ်များထည့်ကာ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ရွှေညိုရောင် ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။

Oven အသုံးပြုချင်သူများအနေနဲ့ကတော့ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ကြက်သားလိပ်များကို လင်ဗန်းပေါ်တင်ကာ ထိုလင်ဗန်းကို Oven ထဲထည့်ပြီး မိနစ် ၃၀ ခန့် အပူပေးထားလိုက်ရုံပါပဲ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပြင်သစ်စတိုင်လ် ဝက်ပေါင်ခြောက် ချိစ်အစာသွပ် ကြက်သားလိပ်လေး ရရှိသွားပါပြီ။

Source: Tastesbetterfromscratch.com