အားလုံးပဲ မင်္ဂလာပါ။ ဖက်ထုပ်ပေါင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ မိမိအိမ်မှာပဲ အလွယ်တကူလုပ်စားနိုင်တဲ့ ကြက်သားဖက်ထုပ်ပေါင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဖက်ထုပ်လိပ်ရန် ဂျုံပြား အချပ် ၃၀ ခန့်
  • ကြက်သား ၁ ပေါင် (အတုံးသေးသေး တုံးထားပါ)
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • နွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သခွားသီး အလုံးကြီးတစ်လုံး (မီးခြစ်ဆံကဲ့သို့ အချောင်းလိုက် ပါးပါးလှီးပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သခွားသီးချောင်းများကို ဇလုံအကြီးတစ်လုံးထဲထည့်ကာ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ဖြင့် သမအောင် နယ်ပြီး ၅ မိနစ်၊ ၁၀ မိနစ်ခန့် ထားထားပါ။

၂။ ကြက်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့်၊ နွားနို့နှင့် ပြောင်းမှုန့်တို့ကို အသားကြိတ်စက်ထဲထည့်ကာ တစ်မိနစ်ခန့် သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် အသားများကို ပန်းကန်လုံးထဲ ထည့်လိုက်ပါ။

၃။ သခွားသီးချောင်းများကို အရည်စင်အောင် ညှစ်ပြီးနောက် ကြက်သားဖြင့် ရောလိုက်ပါ။ နှမ်းဆီထည့်ကာ သမအောင် ရောနယ်ပါ။

၄။ ထို့နောက် အသားအစာသွပ် စားပွဲတင်ဇွန်း ၁ ဇွန်းခန့်ကို ဂျုံပြားအလယ်တည့်တည့် ထည့်ပါ။ ထို့နောက် ဂျုံပြား အနားသတ်များကို ရေဖြင့် ဆွတ်ပေးလိုက်ပါ။ ပြီးရင်တော့ ဖက်ထုပ်ဖြစ်သွားအောင်လို့ အနားသတ်များကို ပိတ်ပြီး သေချာလိပ်ပေးလိုက်ပါ။

၅။ အသားအစာသွပ်များ ကုန်သွားသည်အထိ ဖက်ထုပ်လိပ်ပေးလိုက်ပါ။ ရရှိလာတဲ့ဖက်ထုပ်များကို အိတ်တစ်လုံးထဲ ထည့်ပြီးနောက် ရေခဲသေတ္တာထဲတွင် တစ်ညခန့် အအေးခံထားလိုက်ပါ။

၆။ ဖက်ထုပ်ပေါင်းတော့မယ်ဆိုရင်တော့ ပေါင်းအိုးထဲ ရေထည့်ပြီး ရေပွက်ပွက်ဆူလာသည်အထိ တည်ထားပါ။ ထို့နောက် ပေါင်းအိုးခြင်းပေါ်တွင် ဆီစုပ်စက္ကူခံထားလိုက်ပါ။ ထို့နောက် ဖက်ထုပ်များထည့်ကာ မီးပြင်းပြင်းဖြင့် ၁၀ မိနစ်ခန့် ပေါင်းလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်သားဖက်ထုပ်ပေါင်းလေးများ ရရှိသွားပါပြီ။

Source: Maangchi.com