ပြင်ဆင်ချက်ပြုတ်ရ လွယ်ကူပြီး ပါဝင်ပစ္စည်း အနည်းအကျဉ်းမျှရှိရုံနဲ့တင် မိနစ်ပိုင်းအတွင်း ချက်ပြုတ်နိုင်တဲ့အစားအစာတွေထဲမှာ ထမင်းကြော်လည်း တစ်ခုအပါဝင်ပဲဖြစ်ပါတယ်။ အခုဝေမျှပေးမယ့် အမဲသား ထမင်းကြော် ချက်ပြုတ်နည်းကတော့ လူ လေးယောက်စာအတွက် ပြင်ဆင်ချက်ပြုတ်နည်းဖြစ်ပြီး ၁၀ မိနစ်၊ ၁၅ မိနစ်လောက် အချိန်ပေးရုံနဲ့တင် ချက်ပြုတ်ပြီးစီးနိုင်ပါတယ်။

ပါဝင်ပစ္စည်း

  • မြေပဲဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • အမဲသား ၂၂၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)

  • ထမင်း ပန်းကန်လုံး ၄ လုံးစာ
  • ဟင်းသီးဟင်းရွက်များ ပန်းကန်လုံး ၁ လုံးစာ (ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ပြောင်းဖူးနှင့် ပဲလုံးစိမ်း စသည့် မိမိကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်များ)
  • ငရုတ်ပွ ၁ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ ထည့်ပါ။ ဆီပူလာပါက အမဲသားထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပါ။ အမဲသားများ အညိုရောင် ပြောင်းသွားပါက ဒယ်အိုးတစ်ဖက်ခြမ်းတွင် စုထားပါ။

၂။ ဒယ်အိုးနေရာလွတ်ထဲသို့ ဆီ စားပွဲတင်ဇွန်း တစ်ဝက်နှင့် ကြက်သွန်မြိတ်တို့ထည့်ကာ မိနစ်အနည်းငယ်ခန့် မွှေကြော်ပါ။

၃။ ထို့နောက် ထမင်းထည့်ပါ။ ထမင်းပေါ်တွင် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပေးလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ဟင်းသီးဟင်းရွက်များ၊ ငရုတ်ပွ၊ ဇီရာမှုန့်၊ ငရုတ်သီးမှုန့်နှင့် ဆားတို့ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။

၅။ ထို့နောက် ထမင်းကြော်ကို ဒယ်အိုးတစ်ဖက်တွင် စုထားပါ။ ဒယ်အိုးနေရာလွတ်ထဲသို့ ဆီ စားပွဲတင်ဇွန်း တစ်ဝက်ထည့်ပါ။ မွှေခလောက်ထားသော ကြက်ဥများထည့်ပြီး မွှေကြော်ပေးလိုက်ပါ။ ပြီးမှ ကြက်ဥကြော်နှင့် ထမင်းကြော်ကို သမအောင် ရောကြော်လိုက်ပါ။

၆။ အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ အရသာရှိတဲ့ အမဲသား ထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com