အိမ်က ကလေးငယ်လေးတွေ ကိုယ့်မျက်စိရှေ့မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာနေထိုင်နေခြင်းက ကိုယ့်အတွက်လည်း ပျော်ရွှင်ခြင်းတွေ ယူဆောင်ပေးနိုင်ပါတယ်။ ကလေးငယ်များ ဒီလိုကျန်းကျန်းမာမာနေထိုင်နိုင်ဖို့အတွက် သူတို့စားသုံးတဲ့အစားအစာများကလည်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေ ဖြစ်ရပါမယ်။

ဒါဆိုရင်တော့ ဘယ်လိုအစားအစာတွေက ကလေးရဲ့ကျန်းမာရေးကို ထိခိုက်စေသလဲဆိုတာ သိထားသင့်ပါတယ်။

ပန်းသီးဖျော်ရည်

ကလေးတွေအတွက် သကြားက မကောင်းပါဘူး။ သကြားက ကလေးငယ်များ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုရောဂါ ခံစားရနိုင်စေပါတယ်။ ကလေးဆရာဝန်တွေရဲ့ အကြံပေးချက်အရ ၂ နှစ်အောက် ကလေးငယ်များကို သကြားဓာတ် လုံးဝ မကျွေးသင့်ပါဘူး။

ကလေးငယ်များကို ပန်းသီးဖျော်ရည် တိုက်ကျွေးခြင်းက ကျန်းမာရေးနဲ့ ညီညွှတ်တယ်လို့ တချို့မိဘတွေက ထင်ကြပါတယ်။ ဒါပေမဲ့ ပန်းသီးဖျော်ရည်ထဲမှာ သကြားဓာတ်များ ပါဝင်နေတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။

ပျားရည်

တစ်နှစ်မပြည့်သေးတဲ့ ကလေးငယ်များကို ပျားရည် တိုက်ကျွေးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ အကယ်၍ တိုက်ကျွေးမိမယ်ဆိုရင်တော့ သွက်ချာပါဒရောဂါခံစားရစေခြင်းနှင့် အသက်အန္တရာယ် ဆုံးရှုံးခြင်းအထိ ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်တွေရဲ့ ကိုယ်ခံစွမ်းအားက လူကြီးတွေနဲ့ မတူတာကြောင့် အသေးအဖွဲလေးကအစ ဂရုပြုသင့်ပါတယ်။

ဆိုဒါအချိုရည်နှင့် စွမ်းအားဖြည့်အချိုရည်များ

ဆိုဒါအချိုရည်ထဲမှာ ချိုရဲနေသော ဆေးသကြားများ၊ ကျန်းမာရေးကို ထိခိုက်စေသော ကယ်လိုရီဓာတ်များ များပြားစွာပါဝင်ပါတယ်။ စွမ်းအားဖြည့်အချိုရည်တွေက အားကစားသမားများအတွက် အကျိုးကျေးဇူးပေးစွမ်းနိုင်တယ်ဆိုပေမယ့် ကလေးငယ်များအတွက်တော့ ဆိုးကျိုးတွေပဲ ဖြစ်စေပါတယ်။

မနက်စာအဖြစ် ကိတ်မုန့်ကျွေးခြင်း

မနက်စာကို အာဟာရဓာတ်များ ကြွယ်ဝပြီး ခွန်အားဖြစ်စေတဲ့ အစားအစာများ ကျွေးရမယ့်အစား ချိုရဲနေတဲ့ ကိတ်မုန့်နဲ့ အချိုစာများ ကျွေးနေမိပြီလား။ ဒါဆိုရင်တော့ သင့်ကလေးရဲ့ ကျန်းမာရေးက စိုးရိမ်စရာပါပဲ။ ကျန်းမာရေးနဲ့ ပတ်သက်လာရင် မိမိကလေးကို အလိုမလိုက်သင့်ဘဲ သေသေချာချာ ကြပ်မတ်ထားသင့်ပါတယ်။

နေ့လည်စာအဖြစ် ဒိန်ခဲ (သို့) ကွတ်ကီး (သို့) အချိုပွဲများ ကျွေးခြင်း

ကလေးငယ်များ ကျောင်းသွားတဲ့အခါ နေ့လည်စာအဖြစ် ဘယ်လိုအစားအစာတွေ ထည့်ပေးဖြစ်ပါသလဲ။ အာဟာရအုပ်စုသုံးမျိုးစလုံး မျှတစွာ ပါဝင်တဲ့ အစားအစာလား၊ ဒါမှမဟုတ် ကလေးငယ်များ အစားများများစားအောင်လို့ ကိုယ့်ကလေးကြိုက်တဲ့ သရေစာမုန့်တွေပဲ ထည့်ပေးလိုက်တာလား ဆိုတာကို သေသေချာချာ ပြန်လည်သုံးသပ်ကြည့်လိုက်ပါ။

စုပ်လုံးများ၊ သကြားလုံးများကို ကလေးငယ်များရဲ့မျက်စိရှေ့မှာ မမြင်အောင် ထားထားခြင်းက သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ကူညီရာရောက်ပါတယ်။

Source: Nutritionexp.com