သင်က သွားကျန်းမာရေးကို ဂရုစိုက်သူလား၊ တစ်နေ့ နှစ်ကြိမ် သွားမှန်မှန်တိုက်ရဲ့လား။

သွားကျန်းမာရေးကို ဂရုမစိုက်ဘူး။ သွားကို မနက်တစ်ကြိမ်ပဲ သွားတိုက်ပြီး ညအိပ်ရာဝင်ခါနီးအချိန်မှာ သွားတိုက်ဖို့ အမြဲတမ်းမေ့နေတယ်ဆိုရင်တော့ သင့် သွားနဲ့သွားဖုံးအတွက် စိုးရိမ်ရပါတယ်။

သွားတွေ ဖြူဖွေးကြံ့ခိုင်စေဖို့ ပြုံးရယ်လိုက်တိုင်းမှာ ပြုံးအလှပိုင်ရှင်ဖြစ်ဖို့ရန်အတွက် မိမိစားမယ့်အစားအသောက်တွေကိုလည်း သေချာဂရုစိုက်ပေးရပါမယ်။

အခုဖော်ပြပေးမယ့် အစားအစာတွေကို မှန်မှန်စားသုံးပေးမယ်ဆိုရင် သင့် သွားကျန်းမာရေးအတွက် စိတ်ပူစရာမလိုတော့ပါဘူး။

ချိစ်

ပေါင်မုန့်တွေ မုန့်ပဲသရေစာတွေ ချဉ်တဲ့အစားအစာတွေ ဆိုဒါတွေ စားသုံးလိုက်တဲ့အခါတိုင်း သင့်သွားက အစားအစာထဲမှာပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် ဆွေးမြည့်သွားတတ်ပါတယ်။ ဒါ့ကြောင့် ထိုအက်စစ်ဓာတ်များကို ဖယ်ရှားပေးဖို့အတွက် ဒိန်ခဲလေးကို အစားပိတ်အနေနဲ့ စားသုံးပေးမယ်ဆိုရင် သင့် သွားက ဆွေးမြည့်သွားမှာ မဟုတ်တော့ပါဘူး။

ငါး

သင့် သွားနဲ့ သွားဖုံးတို့ကို ရောဂါဘယအမျိုးမျိုးမှ ကာကွယ်ပေးဖို့ရန်အတွက် ကယ်လ်စီယမ်ဓာတ်ရရှိအောင် စားသုံးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သင် စားသုံးလိုက်တဲ့ ကယ်လ်စီယမ်ဓာတ်က လုံလောက်မှုမရှိဘူးဆိုရင် သင့် ခန္ဓာကိုယ်ကလည်း စုပ်ယူနိုင်မှာမဟုတ်ပါဘူး။ ဆော်လမွန်ငါးကဲ့သို့ သဘာဝ အဆီဓာတ်ကြွယ်ဝတဲ့ငါးတွေက ဗီတာမင်ဒီဓာတ်လည်း ကြွယ်ဝတာကြောင့် သင့် သွားနဲ့ သွားဖုံးအတွက် ကောင်းမွန်စေပါတယ်။

လိမ္မော်သီး

လိမ္မော်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်က သွေးကြောမျှင်များနဲ့ တွယ်ဆက်တစ်သျှူးများကို အားဖြည့်ပေးပြီး သွားဖုံးရောင်ခြင်းကို လျှော့ချပေးပါတယ်။ လိမ္မော်သီး၊ Grapefruits စတဲ့ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့ သစ်သီးဖျော်ရည်များ နေ့တိုင်း လုပ်သောက်ပေးလိုက်ပါ။ ဒါပေမဲ့ သတိထားရမယ့်အရာတစ်ခုကတော့ ထိုအစားအစာတွေ စားပြီးပြီးချင်း သွားမတိုက်ရဘဲ တစ်နာရီလောက်ကြာမှ သွားတိုက်ရမှာပဲဖြစ်ပါတယ်။

ရေ

တံတွေးက ရေ ၉၉.၅ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ တံတွေးထဲမှာ ပါဝင်တဲ့ရေက သင် စားသုံးလိုက်တဲ့ အစားအစာတွေကို ချေဖျက်ပေးရာမှာ အသုံးဝင်ပြီး ခံတွင်းအနံ့အသက်ဆိုးများကိုလည်း ဖယ်ရှားပေးပါတယ်။ ရေသောက်သုံးခြင်းက သွားတိုက်ခြင်းလောက်တော့ သိပ်အစွမ်းမထက်ပေမယ့် အစား စားပြီးတိုင်း ပလုတ်ကျင်းပေးမယ် ရေသောက်ပေးမယ်ဆိုရင်တော့ အစားအသောက်အကြွင်းအကျန်များကို ဖယ်ရှားပေးပြီး သွားချေးများကိုလည်း ဖယ်ရှားပေးပါတယ်။ ကော်ဖီလိုမျိုး သွားကို ဝါကျဉ်ကျဉ်ဖြစ်စေတဲ့ အစားအစာတွေ စားပြီးတိုင်း ပလုပ်ကျင်းပေးခြင်းက သွားဝါခြင်းကို လျှော့ချပေးနိုင်ပါတယ်။

ရေနွေးကြမ်း

ရေနွေးကြမ်းပဲဖြစ်ဖြစ် Green Tea ပဲဖြစ်ဖြစ် သောက်သုံးခြင်းက သွားချေးတက်စေတဲ့ ဘက်တီးရီးယားများကို သေစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေက သင့် ပါးစပ်ထဲမှာရှိတဲ့ သကြားဓာတ်ကို စားသုံးပြီး သင့်သွားကြွေလွှာကို ပျက်စီးစေတဲ့ တရားခံတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုဘက်တီးရီးယားတွေ သေစေနိုင်ဖို့ရန်အတွက် အစား စားနေစဉ်အတောအတွင်းနဲ့ အစား စားပြီးချိန်မှာ ရေနွေးကြမ်းသောက်သုံးပေးနိုင်ပါတယ်။

Source: orthodonticsaustralia.org.au