ရာသီဥတုကြောင့် နေမကောင်းဖြစ်ပြီး လည်ချောင်းနာတဲ့အခါ၊ အဲလ်ကွန်းခန်းထဲ အကြာကြီးနေပြီးမှ နေပူထဲထွက်တဲ့အခါ၊ ရေခဲရေ အသောက်များတဲ့အခါ စတဲ့ အကြောင်းအရင်းတွေကြောင့် လည်ချောင်းနာတတ်ပါတယ်။

ဒီလို လည်ချောင်းနာလာပြီဆိုရင် အစားအသောက် စားရတာ ခံတွင်းမတွေ့တော့ဘဲ တံတွေးမျိုချရတာတောင် အခက်တွေ့လွန်းလှပါတယ်။ ဒါ့ကြောင့် လည်ချောင်းနာလာပြီဆိုရင် အမြန်ဆုံး သက်သာပျောက်ကင်းစေမယ့် သဘာဝဆေးနည်းလေးတွေကို ဝေမျှပေးလိုက်မယ်နော်။

ပန်းသီးရှာလကာရည်

ရေနွေးနွေးလေး တစ်ဖန်ခွက်ထဲသို့ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ထည့်ပြီး ရောနှောလိုက်ပါ။ စာဖတ်သူအနေနဲ့ ပျားရည် မထည့်ချင်လည်း ရှာလကာရည်နှင့် ရေနွေးလေးနဲ့တင် လုံလောက်ပါတယ်။

ပန်းသီးရှာလကာရည်ကို ရေနွေးနဲ့ ရောသောက်ခြင်းအားဖြင့် လည်ချောင်းနာ အမြန်သက်သာစေရုံသာမကဘဲ သွားပိုးစားခြင်းနဲ့ အစာအိမ်ပြဿနာများကို သက်သာပျောက်ကင်းစေပါတယ်။

ဆားရေဖြင့် ပလုတ်ကျင်းပါ

ရေနွေးတစ်ဖန်ခွက်ထဲသို့ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ဆားများ ပျော်ဝင်သွားအောင် ရောမွှေလိုက်ပါ။ ထို့နောက် တစ်နာရီခြားတစ်ခါစီ စက္ကန့် ၃၀ ကြာအောင် ပလုတ်ကျင်းပေးလိုက်ပါ။

ဆားရေနွေးနွေးလေးဖြင့် ပလုတ်ကျင်းခြင်းက ရောင်ရမ်းခြင်းကို လျော့ချပေးပြီး လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေမှာပဲဖြစ်ပါတယ်။

ပျားရည်

ပျားရည်ကလည်း လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ပျားရည်ကို ရေနွေးပူထဲထည့်ပြီး ဆေးဖက်ဝင် အပင်တစ်မျိုး (သို့မဟုတ်) ပန်းသီးရှာလကာရည်နဲ့ရောပြီး သောက်သုံးပေးလိုက်ပါ။

သံပုယိုရည်

သံပုယိုရည်ကို ရေနွေးပူပူလေးထဲထည့်ညှစ်ပြီး ပျားရည် (သို့) ဆားထည့်ကာ ဖျော်သောက်ပေးလိုက်ပါ။ သံပုယိုရည်ထဲမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ အခြားဒြပ်ပေါင်းများက လည်ချောင်းနာခြင်းကို အလျင်မြန်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ဂျင်းပြုတ်ရည် ဖျော်သောက်ပါ

လိုအပ်မယ့် ပစ္စည်းတွေကတော့ ဂျင်းတုံး၊ ရေ တစ်လီတာ၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံပုယိုရည် အနည်းငယ်တို့ပဲဖြစ်ပါတယ်။

အရင်ဦးဆုံး ဂျင်းကို အခွံခွာပြီး ကြိတ်ချေလိုက်ပါ။ ရေကို ပွက်ပွက်ဆူအောင် တည်လိုက်ပါ။ ပွက်ပွက်ဆူပါက မီးပိတ်လိုက်ပါ။ ထို့နောက် ဂျင်းဖတ်များကို ရေနွေးပူထဲထည့်ပြီး အဖုံးဖုံးကာ ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ပြီးမှ ပျားရည်နဲ့ သံပုယိုရည်တို့ထည့်မွှေကာ သောက်သုံးပေးလိုက်ပါ။

Source: medicalnewstoday.com