ကျွန်ုပ်တို့ရဲ့ စားသောက်ခြင်းစနစ်က ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝနဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ စားသောက်မှုပုံစံမှားယွင်းတဲ့အခါ (သို့) အစားအသောက် ရွေးချယ်မှု မှားယွင်းခြင်းက ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်း၊ အသက်တိုခြင်း၊ ဆီးချို၊ သွေးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးခြင်း၊ ကိုယ်အလေးချိန် လျော့ကျသွားခြင်း၊အရိုးများ အားနည်းခြင်း၊ ဦးနှောက်စွမ်းဆောင်ရည် လျော့နည်းခြင်း စတဲ့ ဆိုးကျိုးများခံစားရနိုင်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးသင့်တာပဲဖြစ်ပါတယ်။
ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ
ပရိုတင်းဓာတ်
ပရိုတင်းဓာတ်က ဆဲလ်များတည်ဆောက်မှုကို ကူညီထောက်ပံ့ပေးပြီး ဆဲလ်ဟောင်းများကို အသစ်ပြန်လည်ဖန်တီးပေးပါတယ်။ ကြွက်သားများထဲမှာ အဆီတွေ မရှိအောင် ကာကွယ်ပေးခြင်း၊ အင်ဇိုင်းနဲ့ ဟော်မုန်းထုတ်လွှတ်မှုပမာဏများကို ထိန်းညှိပေးဖို့အတွက် ပရိုတင်းဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။
ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အသား၊ ငါး၊ ဥအမျိုးမျိုးတို့ပဲဖြစ်ပါတယ်။
ကာဘိုဟိုက်ဒြိုက်ဓာတ်
သင့်ရဲ့ ခန္ဓာကိုယ်ရဲ့ အဓိကစွမ်းအင်အရင်းအမြစ်က ကာဘိုဟိုက်ဒြိုက်ဓာတ်များမှ ရရှိတာပဲဖြစ်ပါတယ်။ ထိုကာဘိုဟိုက်ဒြိုက်ဓာတ်က သင် တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ ကာဘိုဟိုက်ဒြိုက်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အာလူး၊ ပေါင်မုန့်နဲ့ အစေ့အဆံတို့ပဲဖြစ်ပါတယ်။
အဆီဓာတ်
သင့် ခန္ဓာကိုယ်က အဆီဓာတ်မလိုအပ်ဘူးလို့ မထင်လိုက်ပါနဲ့။ အဆီဓာတ်က ဟော်မုန်းများကို ထုတ်လွှတ်ပေးပြီး စွမ်းအင်များ ထောက်ပံ့ပေးပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဗီတာမင် ဒီနဲ့ ဗီတာမင်ကေတို့ ပျော်ဝင်သွားဖို့ရန်အတွက် သင့် ခန္ဓာကိုယ်က ထိုအဆီဓာတ်များကို လိုအပ်ပါတယ်။
ဟင်းချက်တဲ့အခါ ရိုးရိုးဆီတွေအစား သံလွင်ဆီလို သဘာဝအဆီမျိုး အစားထိုးအသုံးပြုလိုက်ပါ။
ဗီတာမင်နဲ့ သတ္တုဓာတ်
ပရိုတင်းဓာတ်နဲ့ ကာဘိုဟိုက်ဒြိုက်ဓာတ်တို့ ပြီးရင် နောက်ထပ်အရေးအကြီးဆုံးကတော့ ဗီတာမင်နဲ့ သတ္တုဓာတ်ပဲဖြစ်ပါတယ်။ ထိုဗီတာမင်နဲ့ သတ္တုဓာတ်များကို သစ်သီးဝလံများနဲ့ ဟင်းသီးဟင်းရွက်များထံမှ ရယူလိုက်ပါ။
အမျှင်ဓာတ်
အမျှင်ဓာတ်ကတော့ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ရောဂါများ၊ ကင်ဆာရောဂါနဲ့ ဆီးချိုရောဂါများ မဖြစ်ပွားအောင် ကူညီပေးနိုင်ပါတယ်။
သံဓာတ်
သံဓာတ်ကတော့ ဦးနှောက်ဆဲလ်တွေအတွက် မရှိမဖြစ်လိုအပ်ပြီး မှတ်ဥာဏ်စွမ်းအားတိုးတက်မြင့်မားအောင် အာရုံစူးစိုက်နိုင်စွမ်း ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။
ကယ်လ်စီယမ်ဓာတ်
အရိုးအဆစ်များနဲ့ သွားများ ကျန်းမာကြံ့ခိုင်နေဖို့အတွက် ကယ်လ်စီယမ်ဓာတ်က အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ သင့် ခန္ဓာကိုယ်က လုံလောက်တဲ့ ကယ်လ်စီယမ်ဓာတ်ကို ရရှိမယ်ဆိုရင် အရိုးပွရောဂါနဲ့ အရိုးများ နာကျင်ကိုက်ခဲခြင်းတို့ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
Source: Stylecraze.com







