ကြက်သွန်နီ အခွံခွာပြီး လှီးဖြတ်တိုင်း မျက်ရည်ကျနေရတာကို စိတ်ညစ်နေပြီလား။ အခုဖော်ပြမယ့် နည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် မျက်စိစပ်ပြီး မျက်ရည်ကျနေရတဲ့ ဒုက္ခကနေ ကင်းဝေးသွားမှာပဲဖြစ်ပါတယ်။

နည်းလမ်းလေးတွေကို မပြောပြခင်မှာ ကြက်သွန်နီအခွံခွာတဲ့အခါတိုင်း ဘာ့ကြောင့် မျက်ရည်ကျရတာလဲဆိုတဲ့အချက်ကို ပြောပြပေးချင်ပါတယ်။

ကြက်သွန်နီအခွံခွာပြီး လှီးဖြတ်တိုင်းမှာ ကြက်သွန်နီရဲ့ အင်ဇိုင်းဓာတ်က အက်ဆစ်ဓာတ်ပါသော ဓာတ်ငွေ့များအဖြစ် ပြောင်းသွားပါတယ်။ ထိုဓာတ်ငွေ့က လေထဲသို့ ပျံ့နှံ့သွားပြီး မျက်စိထဲ ဝင်သွားကာ မျက်စိစပ်သွားရခြင်းဖြစ်ပါတယ်။ သင့် မျက်စိက ထိုစပ်တဲ့ဒဏ်ကို မခံနိုင်တော့တာ ကြောင့် မျက်ရည်ကျလာရခြင်းပဲဖြစ်ပါတယ်။

မျက်ရည်မကျစေဘဲ ကြက်သွန်နီ ဘယ်လိုခွာမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ကြက်သွန်နီကို အအေးခံလိုက်ပါ

ကြက်သွန်နီကို ရေခဲသေတ္တာထဲထည့်ပြီး မိနစ် ၃၀ ခန့် အအေးခံလိုက်ခြင်းအားဖြင့် သူ့ရဲ့ အင်ဇိုင်းဓာတ်များ လေထဲသို့ ပျံနှံ့သွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ကြက်သွန်နီ ခွာတိုင်း မျက်စိစပ်မှာမဟုတ်တော့ပါဘူး။

ပါးစပ်ကနေ အသက်ရှူပါ

သင့်ရဲ့ အနံ့ခံအာရုံကြောက မျက်ရည်ပြွန်နဲ့ ဆက်သွယ်နေတာပဲဖြစ်ပါတယ်။ ကြက်သွန်လှီးတဲ့အချိန်မှာ နှာခေါင်းပိတ်ထားပြီး ပါးစပ်နဲ့ အသက်ရှူလိုက်တဲ့အခါ သင့်ရဲ့ အနံ့ခံအာရုံကြောထဲ ကြက်သွန်နံများ ဝင်မသွားတော့တာကြောင့် အင်ဇိုင်းဓာတ်ငွေ့တွေလည်း ဝင်ရောက်နိုင်မှာမဟုတ်တော့တာကြောင့် မျက်ရည်မကျနိုင်တော့ပါဘူး။

ပီကေဝါးပါ

ကြက်သွန်နီ မလှီးခင်မှာ မိနစ်အနည်းငယ်ခန့်အလိုမှာ ပီကေဝါးပေးလိုက်ပါ။ ပီကေဝါးလိုက်တဲ့အခါ အာခံတွင်းထဲမှာ တံတွေးများ အများအပြားထွက်လာပြီး ကြက်သွန်နီမှ ထုတ်လွှတ်တဲ့ဓာတ်ငွေ့များကို ထိုတံတွေးက စုပ်ယူပေးသွားနိုင်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင် ပါးစပ်နဲ့ အသက်ရှူဖို့လည်း လိုအပ်ပါလိမ့်မယ်။

ဖယောင်းတိုင် မီးထွန်းထားလိုက်ပါ

ဖယောင်းတိုင်ရဲ့ မီးတောက်တွေက လေထဲက ဓာတ်ငွေ့များကို စုပ်ယူပစ်လိုက်နိုင်တာကြောင့် ကြက်သွန်နီမှ ထွက်တဲ့ဓာတ်ငွေ့များက သင့်ကို မျက်ရည်ကျစေမှာမဟုတ်တော့ပါဘူး။

ရေကူးမျက်မှန် တပ်ပြီး ကြက်သွန်လှီးပါ

ရေကူးမျက်မှန်တပ်လိုက်မယ်ဆိုရင်တော့ သင့် မျက်လုံးကို ကြက်သွန်နီရဲ့ ဓာတ်ငွေ့တွေရပ်မှ ကာကွယ်ထားလိုက်နိုင်တာကြောင့် မျက်ရည်ကျမှာမဟုတ်တော့ပါဘူး။

ဓားထက်ထက်တစ်ချောင်း အသုံးပြုပါ

ကြက်သွန်လှီးတဲ့အခါ တုံးတဲ့ဓားနဲ့ လှီးခြင်းက ဓာတ်ငွေ့များ ပိုထွက်တာကြောင့် မျက်စိပိုစပ်နိုင်ပါတယ်။ ဓားထက်ထက်တစ်ချောင်းနဲ့ လှီးဖြတ်လိုက်မယ်ဆိုရင်ဖြင့် ဓာတ်ငွေ့ထွက်နှုန်းကို လျော့ချပေးနိုင်တာကြောင့် မျက်စိစပ် သက်သာပါလိမ့်မယ်။

Source: onegoodthingbyjillee.com