အားလုံးပဲ မင်္ဂလာပါ။ ချက်ပြုတ်ချိန် ၁၀ မိနစ်တည်းနဲ့ အရသာရှိလွန်းလို့ ဆွေမျိုးမေ့သွားစေမယ့် ဟင်းလျာတစ်ခွက် ပြင်ဆင်ချက်ပြုတ်ချင်ပါသလား။ ဒါဆိုရင်တော့ အခုပြောပြပေးမယ့် ပဲပြားကင် စပ်စပ်လေးပြုလုပ်နည်းကို လေ့လာကြည့်ဖို့လိုမယ်နော်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၃၅၀ ဂရမ်
  • ကြက်သွန်နီ ၁ လုံး
  • ကြက်သွန်ဖြူ ၄ မြွှာ
  • လှီးဖြတ်ထားသော နံနံပင် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြားညို ၄ ဇွန်း

  • ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ထောင်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ပဲပြားများကို အလျားလိုက် လှီးဖြတ်ထားပါ။ ကြက်သွန်နီကိုလည်း အလျားလိုက် လှီးထားပါ။ ကြက်သွန်ဖြူကို ဓားနဲ့ ပြားအောင်ဖိပြီးနောက် နုတ်နုတ်စင်းလိုက်ပါ။

ထို့နောက် ဟင်းအနှစ်ပြုလုပ်ရန်အတွက် ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်သွန်ဖြူ၊ နံနံပင်၊ သကြားအညို၊ ခရမ်းချဉ်သီးဆော့စ်နဲ့ သံပုယိုရည်၊ ပဲငံပြာရည်၊ ဂျင်းနဲ့ ငရုတ်သီးမှုန့်များ ထည့်ပြီး သမအောင်မွှေပေးလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ကြိုတင်အပူပေးထားသော အကင်ဒယ်အိုးပြားပေါ်တွင် ပဲပြားတုံးများကို တင်လိုက်ကာ စောစောက ပြုလုပ်ထားသော ဟင်းအနှစ်များကို ပဲပြားတုံးပေါ်မှာ သုတ်လိမ်းပေးရပါမယ်။ ပဲပြားတုံးတစ်ခြမ်းစီကို ၂ မိနစ်၊ ၃ မိနစ်ခန့် ကင်ပေးရပါမယ်။ ဟင်းအနှစ်ကိုလည်း အဆက်မပြတ်သုတ်လိမ်းပေးလိုက်ပါ။

ထို့နောက် ကြက်သွန်နီများ ထပ်ထည့်ပြီး ဟင်းအနှစ်ဆမ်းကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကင်ပေးပါ။

ပဲပြားတုံးများ သေချာကျက်သွားပါက ပန်းကန်ပြားလေးထဲထည့်ပေးလိုက်မယ်ဆိုရင် အရသာရှိတဲ့ ပဲပြားကင် အစပ် ဟင်းလျာတစ်ပွဲရရှိသွားပါပြီ။

Source: lookandcook.com