ငရုပ်သီးလို့ပြောလိုက်ရင် အစိမ်းရောင်နဲ့ အနီရောင်ကိုပဲ ပြေးမြင်ကြတာများပါတယ်နော်။ ဒါပေမယ့် ဒီတစ်ခေါက် MyFood Myanmar ကနေပြီး တင်ဆက်ပေးချင်တာကတော့ အများစုမမြင်ဖူးသေးတဲ့ ခရမ်းရောင်ငရုပ်သီးအကြောင်းပဲဖြစ်ပါတယ်။

ဒီခရမ်းရောင်ရှိတဲ့ ငရုပ်သီးဟာ ကမ္ဘာပေါ်မှာ တွင်ကျယ်ပျံ့နှံ့နေတဲ့ Jalapeno Species ၁၁ မျိုးထဲက တစ်ခုအပါအဝင်ဖြစ်ပြီး သူ့ရဲ့တမူထူးခြားတဲ့ အရောင်အသွေးကြောင့်လည်း ရှားပါးလှပါတယ်။ ပွင့်ဖူးလာချိန်မှာကတည်းက ခရမ်းရောင်ရှိတာဖြစ်ပြီး အလှတန်ဆာအနေနဲ့လည်း မကြာခဏ အသုံးပြုကြတတ်ပါတယ်။

ငရုပ်သီးမှာပါဝင်တဲ့ Capsiacin ဟာ အစာခြေချက်မှုကို အသက်သွင်းခြင်းဖြင့် အစာခြေစနစ်ကို အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် အစာခြေချက်ရတာလည်း ပိုမိုလွယ်ကူစေတာကြောင့် ကိုယ်အလေးချိန်လျော့ချဖို့အတွက်လည်း ပိုပြီးတွန်းအားပေးနိုင်မှာပါ။

လျှာပေါ်မှာတင်လိုက်တဲ့ ပူလောင်မှုက ဆာလောင်မှုအသိကို လျော့ကျစေတဲ့အပြင် အဆီတွေကိုလည်း ကိုယ်ထဲပျော်ဝင်သွားစေမယ့်အစား ကိုယ်ခန္ဓာအပူချိန်ကို မြင့်တက်စေနိုင်တဲ့ အပူအဖြစ်ထုတ်လွှတ်ပေးလိုက်ပါတယ်။

ထို့အပြင် ငရုပ်သီးထဲက Flavonoids, Capsaicinoids တို့ရှိနေတဲ့အတွက်ကြောင့် Antioxidant နဲ့ Antibacterial တို့လို အစွမ်းသတ္တိတို့လည်း ပါဝင်နေပါသေးတယ်။

အဆစ်ရောင်နာ၊ အာရုံကြော၊ အကြောတက်နာ၊ ခေါင်းထိုးကိုက်ခြင်းတို့လို သာမန်ရောဂါဝေဒနာများကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုကို ဆန့်ကျင်နိုင်ဖို့အတွက်လည်း ငရုပ်သီးကို အသုံးပြုနိုင်ပါတယ်။

ချောင်းဆိုးရင်ကျပ်နာ၊ နှာပိတ်ခြင်း၊ အအေးမိခြင်းတို့လို ရာသီတုပ်ကွေးများခံစားရပြီးနောက် ပြန်လည်နလန်ထူချိန်ကို မြန်ဆန်စေဖို့အတွက်လည်း အလွန်အသုံးဝင်ပါတယ်။