အားလုံးပဲ မင်္ဂလာပါ။ မနက်ပိုင်းမှာ မနက်စာကို အများကြီး ပြင်ဆင်ဖို့ အချိန်သိပ်မရတဲ့အခါ၊ ဒါမှမဟုတ် ညနေဖက် ရုံးက ပြန်လာလို့ တစ်နေကုန်ပင်ပန်းနွမ်းနယ်ပြီး ဟင်းလျာ ၂ မျိုး၊ ၃ မျိုး မလုပ်စားနိုင်တဲ့အခါ လွယ်လွယ်ကူကူလုပ်စားနိုင်တာကတော့ ကြက်ဥကြော်ပဲဖြစ်ပါတယ်။
ကြက်ဥကြော်ကို အလွတ်ကြော်စားရင် အရသာသိပ်မရှိတာကြောင့် အခြားတန်ဆာပလာမျိုးစုံထည့်ပြီး တရုတ်စတိုင်လ်ကြော်စားမယ်ဆိုရင် အင်မတန်အရသာရှိပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
- ကြက်ဥ ၄ လုံး
- ပါးပါးလှီးထားသော ကြက်သွန်မြိတ်နှင့် မှို စားပွဲတင်ဇွန်း ၄ ဇွန်းစီ
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- နှမ်းဆီ စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် အပေါ့အငန်မြည်းရန် ဆားအနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥများကို မွှေခလောက်ထားပါ။
၂။ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ မှို၊ ပဲငံပြာရည်နဲ့ ဆားအနည်းငယ်တို့ ထည့်ပြီး ခပ်ပြင်းပြင်းလေး မွှေခလောက်ပေးလိုက်ပါ။
၃။ ဒယ်အိုးကို အပူပေးပြီးနောက် နှမ်းဆီထည့်ကာ ကြက်ဥအနည်းငယ် ထည့်ကြော်လိုက်ပါ။ ကြက်ဥ အောက်ခြေ ကျက်သွားပါက အခြားတစ်ဖက်သို့ လှန်ပေးလိုက်ပါ။
၄။ တစ်မိနစ်ခန့် ကြော်ပြီးပါက ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။ ကျန်ရှိနေတဲ့ ကြက်ဥရည်များကို ကြက်ဥကြော် ၄ ဝိုင်းရအောင် ထပ်ကြော်ပေးလိုက်ပါ။
၅။ အားလုံးကြော်ပြီးတဲ့နောက်မှာတော့ ထမင်းနဲ့ ပူပူလေး သုံးဆောင်နိုင်ပါပြီ။
Source: Stylecraze.com





