အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သရက်သီးနဲ့ ရောချက်ထားပြီး ချို ချဉ် ငန် စပ် အရသာလေးမျိုးစလုံးကိုပါ မြည်းစမ်းကြည့်နိုင်တဲ့ ထိုင်းရိုးရာ ကြက်သားဟင်း ချက်နည်းလေး ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန်ဂျုံ (သို့) ဘက်စုံသုံး ဂျုံ ၁၂၈ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်ရင်အုံသား ၃ တုံး (၂ လက်မအရှည် အတုံး တုံးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်ပွ အနီ တစ်ခု

  • သရက်သီးမှည့် တစ်ခြမ်း (သို့) တစ်လုံး (အနေတော် အတုံး တုံးထားပါ)
  • အုန်းနို့ (သို့) ရေ စားပွဲတင်ဇွန်း ၃ ဇွန်းမှ ၄ ဇွန်း
  • နံနံပင် အနည်းငယ်

သရက်သီးဆော့စ် ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • သရက်သီးမှည့် ၂ လုံး (အနေတော် အတုံး တုံးထားပါ)
  • ငရုတ်သီး အနီ တစ်တောင့် (အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ)
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

  • သံပုရာသီး တစ်ခြမ်း (အရည်ညှစ်ထားပါ)
  • သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်း
  • လက်မအရွယ်အစားရှိ ဂျင်းတုံး တစ်တုံး
  • ကြက်သွန်ဖြူ ၃ မြွှာ
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး သရက်သီးဆော့စ် ပြုလုပ်ဖို့ရန်အတွက် သစ်သီးဖျော်စက်ထဲတွင် သရက်သီးမှည့် ၂ လုံး၊ ငရုတ်သီးအနီ၊ ရှာလကာရည်၊ ပဲငံပြာရည်၊ ငါးငံပြာရည်၊ သံပုရာရည်၊ သကြားညို၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် နနွင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၂။ ထို့နောက် အရသာ မြည်းစမ်းကြည့်ပါ။ ဒီဆော့စ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကတော့ ဟင်းလျာရဲ့အရသာက ချို ချဉ် ငန် စပ် အရသာ လေးမျိုးစလုံး ခံစားရရှိဖို့ပဲဖြစ်ပါတယ်။ တကယ်လို့ ဆော့စ်က မချဉ်ဘူးဆိုရင် သံပုရာရည် အနည်းငယ် ထပ်ထည့်ပါ။ မစပ်သေးဘူးဆိုရင် ငရုတ်သီးတောင့် အနည်းငယ် ထပ်ထည့်ပါ။ မငန်သေးဘူးဆိုရင်တော့ ငါးငံပြာရည် ထပ်ထည့်နိုင်ပါတယ်။

၃။ နောက်တစ်ဆင့်အနေနဲ့ ကြက်သားချက်ပါမယ်။ အရင်ဦးဆုံး ကြက်သားကို ပန်းကန်လုံးထဲ ထည့်ပြီးနောက် ဂျုံမှုန့်၊ ဆားတို့ဖြင့် သမအောင် နယ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများ ထည့်ပြီး ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၅။ ထိုဒယ်အိုးကို သန့်စင်ပြီးတဲ့နောက်မှာ စောစောကပြုလုပ်ထားသော သရက်သီးဆော့စ်ထည့်ပါ။ ငရုတ်ပွ ထည့်ပါ။ အလယ်အလတ်မီးအပူချိန်ဖြင့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက မီးအပူချိန် လျော့လိုက်ပါ။

၆။ ဆော့စ်က ပျစ်သွားပါက အုန်းနို့ (သို့) ရေ ထပ်ထည့်ပြီး ၃ မိနစ်ခန့် တည်ပါ။

၇။ နောက်တစ်ဆင့်အနေနဲ့ ကြက်သားကြော် ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် သရက်သီး တစ်ခြမ်း (သို့) တစ်လုံး ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာ လိုအပ်ပါက ငါးငံပြာရည် (သို့) ငရုတ်သီးတောင့် ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ ချိုချဉ်ငန်စပ်အရသာလေးမျိုးနဲ့ လျှာလည်သွားစေမယ့် ထိုင်းရိုးရာ သရက်သီး ကြက်သားဟင်းလေး ရရှိသွားပါပြီ။

Source: Thespruceeats.com