ခေတ်မီဥရောပဟင်းလျာများ သုံးဆောင်နိုင်သည့် ရန်ကုန်မြို့မှ စားသောက်ဆိုင်များအနက် ရွှေစားပွဲစားသောက်ဆိုင်သည် အကောင်းဆုံးဆိုင်များထဲမှ တစ်ခုဖြစ်ကြောင်း အများသိရှိပြီးဖြစ်ပါတယ်။ သို့ရာတွင် အနည်းငယ်လူသိနည်းသည့် အချက်တစ်ခုမှာ ရွှေစားပွဲသည် အနာဂတ်၏ စားဖိုမှူးများ၊ စားသောက်ဆိုင်မန်နေဂျာများ မွေးဖွားရာ နေရာတစ်ခုလည်း ဖြစ်သည့်အကြောင်းပါပဲ။ မြန်မာနိုင်ငံရှိ အနာဂတ်အခွင့်အလမ်းနည်းပါးသူ လူငယ်များအတွက် ရွှေစားပွဲသည် မိမိတို့၏ အိပ်မက်များအကောင်အထည်ဖော်နိုင်သည့် နေရာတစ်ခုလည်းဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းအများစုက လုပ်ဆောင်နေကြသော လူမှုအကျိုးပြု CSR (Corporate Social Responsibility) လုပ်ငန်းများအနက် လိုအပ်နေသည့်တစ်နေရာရာသို့ လှူဒါန်းမှုပြုခြင်းသာ များပါတယ်။ သို့သော် ရွှေစားပွဲက လုပ်ဆောင်နေသည့် လူမှုအကျိုးပြုလုပ်ငန်းမှာ အဆိုပါလှူဒါန်းမှုမျိုးပြုခြင်းထက် ပိုပါတယ်။ လူမှုအကျိုးပြုခြင်းသည် ရွှေစားပွဲဟူ၍ ဖြစ်တည်လာချိန်ကတည်းမှပင် လုပ်ငန်း၏ အရေးကြီး အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။

ရွှေစားပွဲကို လွန်ခဲ့သည့် (၈) နှစ်က ပြင်သစ်လူမျိုး လူမှုစွန့်ဦးတီထွင်သူလုပ်ငန်းရှင်တစ်ဦးမှ စတင်တည်ထောင်ခဲ့ပြီး မြန်မာလူငယ်များကို ဥရောပဟင်းလျာများ ချက်ပြုတ်ပြင်ဆင်တည်ခင်းတတ်စေရန် သင်ကြားပေးခြင်းမှတစ်ဆင့် ဘဝအတွက်လိုအပ်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်အသစ်များ ရရှိကာ ပိုမိုကောင်းမွန်သည့်အနာဂတ်တို့ ဖန်တီးနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။ လာရောက်သင်ယူသူ သင်တန်းသား အားလုံးကို နေရာထိုင်ခင်းအခမဲ့၊ သင်ကြားစရိတ်အခမဲ့ သာမက သင်တန်းပြီးဆုံးပြီးနောက် အလုပ်အကိုင် ရရှိစေရန်လည်း ကူညီပံ့ပိုးပေးနေပါတယ်။

ထိုမျှမက သင်တန်းသားအသစ်များ ရရှိရန်အတွက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မိဘမဲ့ကျောင်းများ၊ ဘုရားကျောင်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများထံ သွားရောက်ပြီး သင်တန်းသားများ စုဆောင်းခြင်းကိုလည်း လုပ်ဆောင်နေလျက်ရှိပါတယ်။ နှစ်စဉ် သင်တန်းတက်ရောက်ရန် စာရင်းသွင်းသူ အမြောက်အမြားရှိသော်လည်း သင်တန်းတက်ရောက်နိုင်သည့် အရည်အချင်းသတ်မှတ်ချက်များ ရှိပါတယ်။ ရွှေစားပွဲ၏ Executive Chef နှင့် Co-owner ဖြစ်သူ Davy Elpidio Eek က “သင်တန်းသားတွေအနေနဲ့ သင်တန်းမတက်ခင် အချက်အပြုတ်ကျွမ်းကျင်ဖို့၊ ဝန်ဆောင်မှုပေးတဲ့အပိုင်းတွေ သိရှိနေဖို့ မလိုပါဘူး။ အရေးအကြီးဆုံးကတော့ သင်ယူလိုစိတ်ရှိဖို့၊ သင်တန်းအပေါ် စိတ်ပါဝင်စားဖို့နဲ့ စည်းကမ်းရှိဖို့ပါပဲ” ဟူပြောကြားခဲ့ပါတယ်။

ရွှေစားပွဲသည် ယခုအချိန်အထိ ဝန်ဆောင်မှုပေးခြင်းနှင့် စားဖိုဆောင်စီမံခန့်ခွဲခြင်းနှင့်ပတ်သက်၍ ကျောင်းသားပေါင်း (၂၀၀) ခန့်ကို လေ့ကျင့်သင်ကြားပေးပြီးဖြစ်ပါတယ်။ တစ်နှစ်ကြာသင်ကြားရသည့် ဤသင်တန်းတွင် သင်တန်းသားများသည် ချက်ပြုတ်ပြင်ဆင်ခြင်းနှင့် စားဖိုးဆောင်ဆိုင်ရာ သီအိုရီများကို သင်ယူရပြီး ၎င်းနောက်တွင် လုပ်ငန်းခွင်လက်တွေ့လေ့ကျင့်ခြင်းနှင့် အခြေခံ အင်္ဂလိပ်စာတို့ကို ဆက်လက် သင်ယူရပါတယ်။ ထိုမျှမက မီနူးအသစ်ဖန်တီးခြင်း၊ ဝိုင်နှင့် ကော့တေးလ်အသစ်များ ဖန်တီးခြင်း အစရှိသည်တို့နှင့် ပတ်သက်၍လည်း သင်ကြားရပါတယ်။

ရွှေစားပွဲမှ သင်တန်းပြီးဆုံးသွားသူ အများအပြားသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အထက်ကရ စားသောက်ဆိုင်များ၊ ဟိုတည်များနှင့် အပျော်စီးမြစ်ကြောင်းသင်္ဘောခရီးစဉ်များတွင် အလုပ်လုပ်ကိုင်လျက် နေနေပါတယ်။ “ရွှေစားပွဲကနေ သင်တန်းပြီးခဲ့တယ်လို့ ပြောရင် ကျွန်တော်အလုပ်လျှောက်ထားတဲ့ စားသောက်ဆိုင်တွေက ကျွန်တော်တို့ကို တလေးတစားရှိပြီး အလုပ်လည်းခန့်ကြတယ်” ဟု ရွှေစားပွဲသင်တန်းသားဟောင်းဖြစ်သူ၊ လက်ရှိတွင် ရန်ကုန်မြို့ရှိ တန်ဖိုးကြီးစားသောက်ဆိုင်နှစ်ခုတွင် Sous Chef အဖြစ် လုပ်ကိုင်နေသူ ယောရှုက ဆိုပါတယ်။ ယောရှုကဲ့သို့ပင် ယခုနှစ်၏ သင်တန်းသားသစ် (၂၃) သုံးကလည်း မိမိတို့၏ အိပ်မက်များကို အမှန်တကယ်အကောင်အထည်ဖော်လိုစိတ်ဖြင့် လေ့လာသင်ယူရန် စိတ်အားထက်သန်နေကြပါတယ်။

မျှော်လင့်ချက်ဖြင့် စိတ်လှုပ်ရှားတက်ကြွနေသော ဝန်ဆောင်မှု (စားပွဲထိုး) ကျောင်းသူ မညိုသန္တာကလည်း သင်တန်းပြီးဆုံးပြီးနောက် မိမိရည်ရွယ်ထားသည်များကို ယခုလိုပြောပြခဲ့ပါတယ်။ “မြန်မာနိုင်ငံက ဟိုတယ်တစ်ခုခုမှာ အလုပ်လုပ်ချင်တယ်၊ နောက်ပိုင်းတော့ နိုင်ငံခြားမှာဖြစ်ဖြစ်ပေါ့” ဟု အသက် (၃) နှစ်အရွယ်၌ မင်္ဂလာဒုံရှိ မိဘမဲ့ကျောင်းတစ်ခုတွင် ထားရစ်ခဲ့ခြင်းခံရခဲ့ချိန်မှစ၍ မိဘနှစ်ပါးအား တွေ့ဆုံခွင့်မရရှိခဲ့သူ မညိုသန္တာက မိမိအောင်မြင်ချိန်၌ မိဘမဲ့ကျောင်းအား ပြန်လည်အထောက်အပံ့ပြုချင်ကြောင်းလည်း ဆိုပါတယ်။

မိမိဘာသာရပ်တည်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည့် ရွှေစားပွဲသည် စားသောက်ဆိုင်လုပ်ငန်းမှ ရရှိသည့်ငွေဖြင့် သင်တန်းပေးခြင်း လုပ်ငန်းကို အထောက်အပံ့ပေးထားခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့၌ စားသောက်ဆိုင်အသစ်များ အပတ်စဉ် ဖွင့်လှစ်နေကြသည့်အချိန်၌ ရွှေစားပွဲ၏ အားထားရာမှာ အရသာထူးကဲသည့် ဟင်းလျာ၊ အရည်အသွေးမြင့် ကော့တေးလ်တို့ကို သုံးဆောင်ရင်း တစ်ချိန်တည်းတွင် အဓိပ္ပါယ်ပြည့်ဝသည့် လုပ်ငန်းတစ်ခုကို အားပေးလိုသည့် စားသုံးသူများသာဖြစ်ပါတယ်။

လက်ရှိတွင် ဆိုင်ပြန်လည်မွမ်းမံရန်အတွက် ရွှေစားပွဲကို ဇူလိုင်လမှစ၍ ခတ္တပိတ်ထားပါတယ်။ မြန်မာနိုင်ငံရှိ လူမှုစီးပွားရေးလုပ်ငန်းများကို အားပေးအထောက်အကူပြုလိုသူ စားသုံးသူများနှင့် ကမ္ဘာလှည့်ခရီးသည်များထံမှ အားပေးမှု ပြန်လည်ရရှိရန် ယခုနှစ် သြဂုတ်လလယ်မှစ၍ ဆိုင်ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါပါတယ်။

အရည်အသွေးမြင့် ဟင်းလျာများနှင့် အဖျော်ယမကာများကို ရောင်းချနေခြင်းဖြစ်သော်လည်း ပါဝင်ပစ္စည်းများကို ဒေသခံ စိုက်ပျိုးထုတ်လုပ်သူများထံမှ တိုက်ရိုက်ဝယ်ယူသည့်အတွက် ရွှေစားပွဲ၏ ဟင်းလျာဈေးနှုန်းများသည် ရန်ကုန်မြို့၏ Fine-Dining စားသောက်ဆိုင်အများစုထက် သင့်လျော်သည့်အနေအထားတွင် ရှိနေပါတယ်။ (Appetizer ၊ အဓိကဟင်းပွဲနှင့် အချိုပွဲစသည့် သုံးမျိုးပါ) Three-course Dinner သို့မဟုတ် Tasting Menu အတွက် မြန်မာကျပ် ၅၀,၀၀၀ မှ ၆၅,၀၀၀ (၃၃ မှ ၄၃ ဒေါ်လာ)၊ တစ်ဦးစာ Bistro Lunch နေ့လယ်စာအတွက် မြန်မာကျပ် ၁၅,၀၀၀ မှ ၂၀,၀၀၀ (၁၀ မှ ၁၃ ဒေါ်လာ) ကျသင့်ပါသည်။ သို့သော် ရွှေစားပွဲစားသောက်ဆိုင်နှင့် အခြားဆိုင်များကို အဓိကကွာခြားစေသည့်အချက်မှာ စစ်မှန်မှု၊ နွေးထွေးမှုတို့နှင့် သင်တန်းသားဝန်ထမ်းတို့ထံမှ အပြုံးများ၊ ပရောဖက်ရှင်နယ်ဝန်ဆောင်မှုများပင် ဖြစ်ပါတယ်။

စားသောက်ဆိုင်အများစုတွင် စားသုံးသူများအတွက် ကျေနပ်ဖွယ်အချိန်မှာ စားသုံးနေစဉ် တစ်ခဏမျှသာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့သော် ရွှေစားပွဲတွင်မူ လာရောက်သုံးဆောင်သူများအနေဖြင့် အနာဂတ်၏ မျိုးဆက်တစ်ခုထံ ပညာနှင့် ကျွမ်းကျင်မှုများ လက်ဆင့်ကမ်း ဖြန့်ဝေပေးရခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်ရသည့် ပီတိကိုပါ သုံးဆောင်နိုင်မည်ဖြစ်ပါတယ်။