ဆော်လမွန်ငါးက Omega-3 ပါဝင်တဲ့အပြင် ကယ်လိုရီပမာဏလည်း နည်းပါးပါတယ်။ ဒါတင်မကသေးပါဘူး ပြည့်ဝဆီပါဝင်မှုလည်း နည်းတဲ့အတွက် နှလုံးကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ ဒါ့ကြောင့် အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့အစည်းက တစ်ပတ်ကို ဆော်လမွန်ငါး ၃.၅ အောင်စခန့်ကို နှစ်ကြိမ်စားသုံးပေးသင့်တယ်လို့ အကြံပြုပြောကြားထားပါတယ်။

ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဆော်လမွန်ငါးကို အချိန်လေး မိနစ် ၂၀ လောက်ပေးရုံနဲ့တင် နူးနူးညံ့ညံ့လေးနဲ့ စားလို့ကောင်းတဲ့ ဆော်လမွန်ငါးကင် ဟင်းလျာကို ရရှိနိုင်ပါတယ်။ မီးဖိုချောင်ထဲမှာOven လေးတစ်လုံးရှိရုံနဲ့တင် အရသာပြည့်စုံကောင်းမွန်တဲ့ ဟင်းလျာတစ်ခွက်ကို ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

Photo Source: www.seriouseats.com

  • အရိုးနွှင်ထားပြီးသား ဆော်လမွန်ငါး ၃ ပြား
  • မုန်ညင်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်သွန်ဖြူ ၂ မွှာ (ဓားလေးနဲ့ ပြားပိနေအောင် ဖိချထားပါ)
  • ဆားအနည်းငယ်
  • လှီးဖြတ်ထားသော နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

Oven အပူချိန် ၄၀၀ ဒီဂရီဖာရင်ဟိုက်နဲ့ ကြိုတင်အပူပေးထားပါ။

အရိုးနွှင်ထားပြီးသား ဆော်လမွန်ငါးကို ရေအေးလေးနဲ့ဆေးပြီး သန့်စင်တဲ့အဝတ်နဲ့ ခြောက်အောင်သုတ်လိုက်ပါ။ ထို့နောက် Oven ထဲ ထည့်ကင်မယ့် ခဲဖတ်ပေါ်တင်ပြီး ဆားဖြူးလိုက်ပါ။ ပန်းကန်လုံး အသေးတစ်လုံးထဲမှာ မုန်ညင်းဆီ၊ ပျားရည်၊ ကြက်သွန်ဖြူနဲ့ နံနံပင်တို့ကို ရောမွှေပေးလိုက်ပါ။

သမအောင် ရောမွှေပြီးတဲ့အခါမှာတော့ ဆော်လမွန်ငါးပေါ်ကို သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ကြိုတင်အပူပေးထားတဲ့ Oven ထဲမှာ ၁၅ မိနစ်ခန့်ထည့်ထားပါ။

အချိန်ပြည့်ပြီဆိုရင်တော့ Oven ထဲကထုတ်ပြီး သံပုယိုသီးလေးညှစ်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။ ထမင်းနဲ့တွဲဖက်စားသုံးလို့လည်း ရသလို၊ ဆော်လမွန်ငါးကင်ကို ဟင်းသီးဟင်းရွက်လေးနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

Source: www.mydeliciousmeals.com