အားလုံးပဲ မင်္ဂလာပါ။ ကြက်သားဟင်းချည်းပဲ ချက်စားရတာ ရိုးအီနေပြီလား။ ကြက်သားပေါင်း လုပ်စားရင်ရော ဘယ်လိုအရသာအသစ်အဆန်းမျိုး မြည်းစမ်းကြည့်ရမလဲဆိုတာ မသိချင်ကြဘူးလား။

ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ကြက်သားပေါင်းဟင်းလျာဖြစ်ပြီး သူနဲ့လိုက်ဖက်မယ့် အချဉ်ရည်ပြုလုပ်နည်းကိုပါ တစ်ပါတည်း ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင်
  • အရှည်လိုက် ပါးပါးလှီးထားသောဂျင်း စားပွဲတင်ဇွန်း တစ်ဇွန်း
  • အရှည်လိုက် ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ရေစင်အောင် ဆေးကြောထားလိုက်ပါ။ ထို့နောက် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ ထို့နောက် ကြက်သားပေါ်တွင် အရှည်လိုက် ပါးပါးလှီးထားသော ဂျင်းနှင့် ကြက်သွန်မြိတ်တို့ တင်ထားလိုက်ကာ မိနစ် ၃၀ ခန့် သိပ်ထားလိုက်ပါ။

၃။ မိနစ် (၃၀) ပြည့်ပါက ပေါင်းအိုးထဲထည့်ပြီး မိနစ် ၂၀၊ မိနစ် ၃၀ ခန့် ထည့်ပေါင်းထားလိုက်ပါ။ ပေါင်းထားတဲ့ ကြက်သားက နူးအိသွားပြီဆိုရင်တော့ ပေါင်းအိုးထဲကထုတ်ကာ မိမိနှစ်သက်ရာအရွယ်အစားရရှိအောင် ကြက်သားတုံးကို လှီးဖြတ်ထားလိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်လေး ဖြူးကာ အလှဆင်ထားလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ကြက်သားနဲ့ လိုက်ဖက်မယ့် အချဉ်ရည်ဆော့စ်လေး ပြုလုပ်ရပါမယ်။

ဒယ်အိုးတစ်လုံးကို အပူပေးထားပါ။ နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်လိုက်ပါ။ ထို့နောက် ခရုဆီ၊ ပဲငံပြာရည်အကြည်နှင့် ရေ ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးဖိုပေါ်ကချပြီး ပန်းကန်လုံးထဲ ပြောင်းထည့်လိုက်ပါ။

အရသာရှိတဲ့ ကြက်သားပေါင်းနဲ့ အချဉ်ရည်ရဲ့ လိုက်ဖက်မှုက အစားအသောက်ချစ်သူတို့ကို ဆွေမျိုးတောင် မေ့စေမှာပဲဖြစ်ပါတယ်။

Source: Chinasichuanfood.com