(၃၅) မိနစ်လောက် အချိန်ပေးရုံနဲ့တင် အရသာရှိတဲ့ ဝက်သားဖက်ထုပ်ပြုတ်လေး မလုပ်စားချင်ကြဘူးလား။ လုပ်စားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ချက်ပြုတ်နည်းအဆင့်ဆင့်ကို အဆုံးထိ လေ့လာထားကြည့်ဖို့လိုမယ်နော်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၂၂၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ဖက်ထုပ်ပြုလုပ်ရန် ဂျုံပြား အခု ၃၀ ခန့်
  • နုပ်နုပ်စဉ်းထားသော ဂျင်းနှင့် ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်းစီ
  • ကြက်ဥ ၁ လုံး
  • ဆားအနည်းငယ်နှင့် ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ငရုတ်ဆီစပ်စပ်လေး ပြုလုပ်ရန်လိုအပ်သောပါဝင်ပစ္စည်းများ

  • ငရုတ်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းမှ ၆ ဇွန်းခန့်
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားအနည်းငယ်နှင့် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ကြက်သွန်ဖြူ ၂ မြွှာ (ပြားနေအောင် ထုထောင်းထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း တစ်ဝက်
  • တရုတ်နံနံအနည်းငယ် (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဖက်ထုပ်ပြုတ်ရန် ရေ ၂၅၀ မီလီလီတာခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသော ဝက်သားကို ဂျင်း၊ ခရုဆီ၊ ကြက်ဥ၊ ကြက်သွန်မြိတ်နှင့် ဆားတို့ထည့်ပြီး သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။

၂။ ၁၅ မိနစ်ပြည့်တဲ့အခါ ဂျုံပြားကို အဆင်သင့်ပြုလုပ်ထားပြီး ဝက်သားအစာသွပ်များထည့်ကာ ဖက်ထုပ် ထုပ်လိုက်ပါ။

၃။ ငရုတ်ဆီ ပြုလုပ်ရန်အတွက် ငရုတ်ဆီ၊ ရှာလကာရည်၊ နှမ်းဆီ၊ ဟင်းချက်ဝိုင်၊ ဆား၊ သကြား၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ တရုတ်နံနံနှင့် ပဲငံပြာရည်အကြည်တို့ကို အခြားပန်းကန်လုံးထဲတွင် ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၄။ ထို့နောက် အိုးတစ်လုံးကို အပူပေးပြီး ရေထည့်ကာ ဖက်ထုပ်များ ထည့်ပြုတ်လိုက်ပါ။ ၃ မိနစ်၊ ၄ မိနစ်ခန့် ပြုတ်ပေးရပါမယ်။ ဟင်းသီးဟင်းရွက်ပါ စားချင်တယ်ဆိုရင်တော့ ဆလပ်ရွက်၊ မုန်ညှင်းရွက်စတဲ့ ဟင်းသီးဟင်းရွက်များကိုလည်း ဖက်ထုပ်ကျက်ခါနီးအချိန်မှာ ထည့်ပြုတ်ပေးလို့ရပါတယ်။

၅။ ဖက်ထုပ်များ ကျက်သွားပြီဆိုရင်တော့ အိုးထဲမှ ဆယ်ယူပြီး ပန်းကန်ထဲပြောင်းထည့်လိုက်ပါ။ ဖက်ထုပ်အရည်အနည်းငယ်ခန့်ကို ဇွန်းဖြင့် ခပ်ယူပြီး ဖက်ထုပ်ပေါ်လောင်းချလိုက်ပါ။ ပြီးရင်တော့ စောစောက စပ်ထားတဲ့ ငရုတ်ဆီကို ဖက်ထုပ်ပေါ် လောင်းချလိုက်ပါ။

ဒါဆိုရင်တော့ ပူပူနွေးနွေးနဲ့ စားလို့ကောင်းတဲ့ ဝက်သားဖက်ထုပ်ပြုတ်အစပ်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com