လူ့ခန္ဓာကိုယ်က ပိန်လွန်းရင်လည်း မကောင်းသလို ဝလွန်းရင်လည်း မကောင်းပါဘူး။ ခန္ဓာကိုယ့် ကျစ်ကျစ်လျစ်လျစ်လေးနဲ့ ပြည့်ပြည့်ဖြိုးဖြိုး ရှိခြင်းကသာ ကျန်းမာတဲ့ခန္ဓာကိုယ်ရဲ့ ဝိသေသ လက္ခဏာတွေပဲဖြစ်ပါတယ်။

ကိုယ့်ခန္ဓာကိုယ်က ဒီ့ထက်ဝိတ်ပိုတက်လာမှာကို ကြောက်ရွံ့သူအချို့ကတော့ Gym ခန်းမလေးပြေးပြီး လေ့ကျင့်ခန်းလေး အပြေးအလွှား လုပ်လေ့ရှိကြပါတယ်။ Gym ဆော့ဖို့ အချိန်မပေးနိုင်တဲ့သူတွေအဖို့တော့ ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင် ဝိတ်တက်စေတဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဘယ်လိုအစားအစာတွေက ဝိတ်တက်စေတယ်၊ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်သင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

အချိုဓာတ်လွန်ကဲသော အစားအစာများ

သကြားတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ ကွတ်ကီးများ၊ သကြားလုံးများ၊ ကြာရှည်ခံအချိုရည်များ စတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပေးရပါမယ်။ ဒီအစားအစာတွေ စားမိပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီတွေ စုပုံလာပါလိမ့်မယ်။ ထိုကယ်လိုရီတွေ လောင်ကျွမ်းဖို့အတွက်ဆိုရင် လေ့ကျင့်ခန်း မဖြစ်မနေပြုလုပ်ပေးဖို့ လိုအပ်နေပါပြီ။

ကြာရှည်ခံ အစားအစာများ

ကြာရှည်ခံ အစားအစာတွေထဲမှာ သကြားဓာတ်တွေ ကိန်းအောင်းနေတတ်ပါတယ်။ ဝိတ်ချဖို့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဟင်းသီးဟင်းရွက်သုပ် စားမယ်ဆိုပြီး ဟင်းရွက်သုပ်တဲ့အခါ အသုံးပြုတဲ့ ခရမ်းချဉ်သီးဆော့စ်ထဲမှာလည်း သကြားဓာတ်ပါဝင်နေပါတယ်။ စည်သွပ်ဘူး အစားအစာတွေပဲဖြစ်ဖြစ်၊ သရေစာမုန့်ထုပ်တွေပဲဖြစ်ဖြစ် ဘယ်လိုကြာရှည်ခံ အစားအစာမျိုးမဆို သင့်အတွက် ဝိတ်တက်လာစေနိုင်ပါတယ်။

အကြော်များ

ဝိတ် မြန်မြန်ကျချင်တယ်ဆိုရင် အာလူးချောင်းကြော်တွေ ကြက်သားကြော်တွေ ဝက်ပေါင်ခြောက်ကြော်တွေ စတဲ့ အကြော်စာတွေကို ဝေးဝေးကို သွားခိုင်းလိုက်ပါ။ ထိုအစားအစာတွေက တစ်လုပ်မြည်းကြည့်လိုက်တာနဲ့ နောက်ထပ် စားချင်လာအောင် ဆွဲဆောင်နေမှာ အမှန်ပါပဲ။ ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အဆီဓာတ်လိုအပ်တယ်ဆိုပေမယ့် ကြော်ထားတဲ့ ထိုအဆီကတော့ ဝိတ်တက်စေတာကြောင့် ဆော်လမွန်ငါးလို Omega-3 ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကနေတစ်ဆင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေကို မှီဝဲလိုက်ပါ။

အငန်ဓာတ်လွန်ကဲသော အစားအစာများ

ခန္ဓာကိုယ် ကောင်းစွာ အလုပ်လုပ်နိုင်ဖို့အတွက် ဆားကလည်း တစ်စိတ်တစ်ဒေသ တာဝန်ယူရပါတယ်။ ဒါပေမဲ့ ဆား အစားများသွားတဲ့အခါ သွေးတိုးရောဂါနဲ့ အခြားရောဂါဘယတွေ ဝင်ရောက်လာနိုင်တာကိုတော့ အားလုံးသိပြီးသားပါ။ ဆားဓာတ်လွန်ကဲတဲ့ အစားအစာတွေကို စားသုံးတဲ့အခါ ရေငတ်လာမယ်။

ရေငတ်တဲ့အချိန်မှာ ရေမသောက်မိဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိပြီးသား ရေဓာတ်တွေနဲ့ပဲ လည်ပတ်နေရတာကြောင့် အချိန်ကြာလာတဲ့အခါ ရေဓာတ် လုံလောက်စွာ ရရှိမှာမဟုတ်တော့ပါဘူး။ ရေငတ်တာကို ဗိုက်ဆာတာလို့ ထင်ယောင်ထင်မှားဖြစ်ပြီး အစားထပ်စားလိုက်မယ်ဆိုရင်တော့ အစား စားခြင်း သံသရာက ကုန်ဆုံးမှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့် အငန်စာတွေကို လုံးဝ ရှောင်ကြဉ်လိုက်ပါ။

ရေခဲမုန့်

ရေခဲမုန့် ကြိုက်နှစ်သက်သူတွေအတွက်ကတော့ စိတ်မကောင်းစရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရေခဲမုန့်ထဲမှာ ကယ်လိုရီဓာတ်တွေ အများအပြားပါဝင်ပြီး သကြားဓာတ်နဲ့ အဆီဓာတ်တို့လည်း အလွန်အကျွံပါဝင်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချချင်တယ်ဆိုရင်တော့ ဘယ်လောက်ပဲ ကြိုက်နှစ်သက်နေပါစေ စွန့်လွှတ်ရဲတဲ့သတ္တိ ပိုင်ဆိုင်ထားရပါမယ်။

Source: nutritionexp.com