ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချင်တယ်ဆိုရင်တော့ ညစာ စားတဲ့အခါ ဘာစားသုံးမလဲဆိုတာ အရေးကြီးပါတယ်။ ညစာ စားသုံးမှု မှားယွင်းပါက နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်မှာ မဟုတ်တော့ပါဘူး။

မနက်အိပ်ရာထတဲ့အခါ ရွှင်လန်းတက်ကြွပြီး တစ်နေ့တာလုံး လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ဖို့ ဆိုရင်တော့ ညဘက်မှာ ကောင်းကောင်းအိပ်စက်အနားယူရပါလိမ့်မယ်။ ဒါ့ကြောင့် ညစာ စားသုံးတဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

စပ်သော အစားအစာများ

စပ်တဲ့ အစားအစာ စားသုံးခြင်းကြောင့် ကိုယ်အလေးချိန်ကျခြင်း၊ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း၊ သွေးပေါင်ချိန်ထိန်းညှိပေးခြင်း၊ ကင်ဆာရောဂါဖြစ်ပွားရခြင်းမှ ကာကွယ်ပေးခြင်းနဲ့ စိတ်ခံစားချက်များကို ကောင်းမွန်စေခြင်း စတဲ့ အကျိုးကျေးဇူးများကို ခံစားရရှိစေမှာပဲဖြစ်ပါတယ်။

ဒါပေမဲ့ ညအိပ်ရာဝင်ခါနီးကျမှ အစပ်စားမယ်ဆိုရင်တော့ သင့်ရဲ့ အစာအိမ်ကို ကောင်းကောင်းဒုက္ခပေးမှာပဲဖြစ်ပါတယ်။ ဗိုက်နာလို့ အိမ်သာခဏခဏ သွားတက်ရမယ်ဆိုရင် ညဘက်မှာ ကောင်းကောင်းအိပ်စက်ရမှာ မဟုတ်တော့ပါဘူး။

ကာဗိုဟိုက်ဒြိုက်ဓာတ် မြင့်မားစွာပါဝင်သော အစားအစာများ

ညအိပ်ရာ မဝင်ခင်မှာ သရေစာမုန့် အနည်းငယ် စားသုံးချင်တယ်ဆိုရင်လည်း အနည်းအကျဉ်းလောက်သာ စားသုံးပေးပါ။ သရေစာမုန့် အလွန်အကျွံ စားသုံးမိမယ်ဆိုရင်တော့ သွေးတွင်းသကြားဓာတ်မြင့်မားလာပြီး ရွှင်လန်းတက်ကြွလာကာ အိပ်ချင်စိတ်ပျောက်သွားပါလိမ့်မယ်။

အနီရောင်ရှိတဲ့ အသားများ

အနီရောင်အသားများက ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အစာချေတဲ့အခါ ဖြည်းဖြည်းလေးပဲ အစာချေမှာဖြစ်ပါတယ်။ အစာချေမှု နှေးကွေးတဲ့အတွက်ကြောင့် ညဘက်မှာ တော်တော်နဲ့ အိပ်ပျော်မှာ မဟုတ်တော့ပါဘူး။

အချိုဓာတ်လွန်ကဲတဲ့ အစားအစာများနဲ့ ဖျော်ရည်များ

ကွတ်ကီး၊ ရေခဲမုန့်၊ ချောကလက် စတဲ့ အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေက သင့်ရဲ့ သွေးတွင်းသကြားဓာတ်ကို မြင့်မားစေမှာဖြစ်ပြီး ညဘက်မှာ မျက်လုံးကြောင်နေစေမှာပဲဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်ဆိုတဲ့ အနက်ရောင် ချောကလက်တောင်မှ သင့်ကို အိပ်မရဖြစ်စေမှာပါ။ ဒါက ဘာ့ကြောင့်လဲဆိုတော့ အနက်ရောင် ချောကလက်ထဲမှာ ကာဖိန်းဓာတ်ပါဝင်ပြီး သင့်နှလုံးခုန်နှုန်းကို လျင်မြန်စေမှာပဲဖြစ်ပါတယ်။

အချဉ်ဖောက်ထားသော အစားအစာများ

ကင်ချီ၊ ရှမ်းချဉ် စတဲ့ အချဉ်ဖောက်ထားသော ရိုးရာအစားအစာများကလည်း အိပ်စက်မှု ဟော်မုန်းတွေကို ကမောက်ကမဖြစ်စေပြီး ညဘက် အိပ်စက်မရအောင် လှုံ့ဆော်နေမှာပဲဖြစ်ပါတယ်။

ယမကာ ဖျော်ရည်များ

ယမကာ အလွန်အကျွံသောက်သုံးပြီးပါက ချက်ချင်းအိပ်ပျော်သွားစေတယ်လို့ တချို့လူတွေက ယူဆကြပါတယ်။ ဒီအချက်က မှန်ကောင်း မှန်နိုင်ပါတယ်။ ဒါပေမဲ့ ချက်ချင်းအိပ်မောကျပြီးသွားတာနဲ့ ညဘက်မှာ ခဏခဏ လန့်နိုးလာအောင်လည်း လုပ်ဆောင်နိုင်ပါသေးတယ်။

အခုဖော်ပြထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပြီးတာတောင်မှ ညဘက်မှာ အိပ်စက်ရခက်နေသေးတယ်ဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်လိုက်ပါလို့ အကြံပေးပါရစေ။

Source: sg.theasianparent.com