“သံပုယိုရည်က ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တယ်။ သစ်သီးဖျော်ရည်များ သောက်သုံးခြင်းက ကျန်းမာရေးနဲ့ ညီညွှတ်တယ်။ ပရိုတင်း ဖြည့်စွက်စာများ မှီဝဲခြင်းက ကြွက်သားများ သန်မာစေတယ်” လို့ ယူဆနေပါသလား။ ဒီလိုဆိုရင်တော့ သင့် ထင်မြင်ယူဆချက် မှန် မမှန်ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် အဖြေရှာကြည့်လိုက်ရအောင်လား။

သံပုယိုရည်

သံပုယိုရည်ထဲမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က သွားရဲ့ကြွေလွှာတွေကို ပျက်စီးစေတာကြောင့် သွားဆရာဝန်များက သံပုယိုရည်သောက်တဲ့အခါ ပိုက်တဲ့ သောက်ဖို့ အကြံပြုထားကြပြီး သောက်ပြီးသွားတာနဲ့ တပြိုင်နက် ပလုပ်ကျင်းခိုင်းထားပါတယ်။

ကော်ဖီနှင့် လက်ဖက်ရည်

ကော်ဖီက သွားအရောင် ဝါကျဉ်ကျဉ်ဖြစ်စေတယ်ဆိုတာ အားလုံး သိပြီးသွားဖြစ်ပါလိမ့်မယ်။ ထိုနည်းတူစွာပဲ လက်ဖက်ရည်က သွားကြွေလွှာကို အရောင်စွန်းထင်းစေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လက်ဖက်ရည်က ကော်ဖီထက် Tannin ပါဝင်မှု ပိုများလို့ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် သွားအရောင် စွန်းထင်းခြင်းကို လျော့ချနိုင်ဖို့အတွက် လက်ဖက်ရည် သောက်ပြီးပါက ရေတစ်ခွက် သောက်သင့်ပါတယ်။

သစ်သီးခြောက်များ

လူအများစုက သွားပိုးစားမှာ စိုးလို့ဆိုပြီး သကြားလုံးများအစား သစ်သီးခြောက်များ ပြောင်းလဲစားသောက်ကြပါတယ်။ ဒါပေမဲ့လည်း ရရှိခံစားရမယ့် ဆိုးကျိုးကတော့ နှစ်ခုစလုံးအတူတူပါပဲ။

ပိုဆိုးစေတဲ့အချက်ကတော့ သစ်သီးခြောက်က တံတွေးထွက်နှုန်းကို လျော့ကျစေတဲ့အတွက်ကြောင့် ခံတွင်းထဲရှိ ဘက်တီးရီးယားများကို မတိုက်ဖျက်နိုင်တော့ဘဲ သွားကျန်းမာရေးကို ပိုမိုဆိုးရွားစေပါတယ်။

အစိမ်းရောင် သစ်သီးဖျော်ရည်များ

အစိမ်းရောင် သစ်သီးဖျော်ရည်များကို စားသုံးခြင်းက သစ်သီးများကို ဒီအတိုင်း စားသုံးခြင်းလောက် ကျန်းမာရေးအတွက် ပိုအကျိုးဖြစ်ထွန်းစေမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သစ်သီးဖျော်ရည်ထဲမှာ အစာချေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကျစ်လျစ်စေတဲ့ အမျှင်ဓာတ် ပါဝင်မှုနှုန်း လျော့နည်းသွားလို့ပဲဖြစ်ပါတယ်။

အုန်းဆီ

အုန်းဆီကလည်း နေ့စဉ် မစားသုံးသင့်ဘဲ ရံဖန်ရံခါသာ မှီဝဲသင့်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ အုန်းဆီအလွန်အကျွံ စားသုံးမိပါက ကိုလက်စတောပမာဏကို အဆမတန် မြင့်မားလာစေပြီး နှလုံးရောဂါ ခံစားရနိုင်ချေ များလာပါလိမ့်မယ်။

ပရိုတင်းအမှုန့်များ စားသုံးခြင်း

ကြွက်သားများ သန်မာပြီး ခန္ဓာကိုယ်က အားအင်ပြည့်ဝနေစေဖို့ ပရိုတင်းအမှုန့်များ ဖျော်သောက်သင့်တယ်ဆိုတာ ကုမ္ပဏီတွေက သူတို့ ကုန်ပစ္စည်းတွေ ရောင်းအားတက်ဖို့ ကြော်ငြာရုံသပ်သပ်ပါပဲ။

ခန္ဓာကိုယ်က လိုအပ်တဲ့ ပရိုတင်းဓာတ်ကို အသားများထံမှ ရရှိနိုင်ပြီး ဖြည့်စွက်စာများမှ ရရှိတဲ့ ပရိုတင်းဓာတ်ကတော့ ကျန်းမာရေးကို ကောင်းမွန်လာစေတာထက် ပိုမိုဆိုးရွားလာစေတာပါ။ ဘာ့ကြောင့်လဲဆိုတော့ ဖြည့်စွက်စာများရဲ့ ပရိုတင်းဓာတ်က သင့်ရဲ့အစာအိမ်ကို လိုအပ်သည်ထက် ပိုပြီး ဖိအား ပေးပစ်လိုက်တာကြောင့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

စာဖတ်သူတို့အနေနဲ့ အခုဖော်ပြသွားတဲ့ အစားအစာတွေထဲကမှ (၂) ခုထက်ပိုပြီး စားသုံးမိနေပြီဆိုရင်တော့ မိမိ စားသောက်မှုနည်းစနစ်ကို ပြန်လည်ထိန်းချုပ်သင့်ကြောင်း အကြံပြုပါရစေ။

Source: Brightside.me