မုန်လာဥနီလို့ သိကြတဲ့ အသီးအနှံတစ်မျိုးဟာ တစ်ချို့နေရာတွေမှာ ခါကြက်ဥလို့ ခေါ်ကြပါတယ်။ ဂရိစကားက ဆင်းသက်လာတဲ့ Carrot အမည်တွင်ပြီး တစ်ကမ္ဘာလုံးက စားသုံးကြပါတယ်။ မျိုးစိပ်ပေါင်း ၁၀၀ကျော်ရှိပြီး ပေါက်ရောက်တဲ့ နေရာပေါ်မူတည်ပြီး အရောင်တွေလည်း ကွဲပြားပါတယ်။ မြေအနေအထား အရလည်း အရွယ်အစား ကွာခြားပါတယ်။
ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် မုန်လာဥနီကတော့ ကောင်းကျိုးတွေ ရှိပြီး လူတွေကိုလည်း ကောင်းကျိုးပြုပါတယ်။ မုန်လာဥနီမှာ ဗီတာမင် ဘီနဲ့ အခြားဗီတာမင် ဓာတ်ပေါင်းစု တွေ ပါဝင်ပြီး အမျှင်ဓာတ်လည်း ကြွယ်ဝတဲ့ အသီးအနှံတစ်ခုပါ။ လူတိုင်းနီးပါး စားသုံးတဲ့ အစားအစာဖြစ်ပြီး အစိမ်းစား အရည်သောက်နဲ့ ချက်ပြုတ်စားသောက်လို့ ရတဲ့ စွယ်စုံမုန်လာဥနီပါ။ ဒီမုန်လာဥနီမှာရှိတဲ့ ကျန်းမာရေး အကျိုးပြုအချက်တစ်ချို့ကို မျှဝေချင်ပါတယ်။
မုန်လာဥနီမှာ အမျှင်ဓာတ် ပါဝင်မှု များတဲ့အတွက် ကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။ မုန်လာဥနီ ဖျော်ရည်ကို တစ်ပတ်သုံးကြိမ် သောက်ပေးမယ်ဆိုရင် သွေးထဲက ကိုလက်စထရောကို ထိန်းပေးပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ မုန်လာဥနီမှာ အသားအရေကို အများကြီး ထောက်ပံ့ပေးတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ အရွယ်တင် နုပျိုစေပြီး အဆိပ်အတောက်တွေကိုလည်း ပြေစေနိုင်ပါတယ်။ ဗီတာမင် ဓာတ်ပေါင်းစုတွေဟာ သွားနဲ့ သွားဖုံးကို ကျန်းမာစေရုံသာမက မျက်စိအားကိုလည်း ကောင်းစေပါတယ်။
အသည်းနဲ့ နှလုံးကျန်းမာရေးကို အကူအညီ ဖြစ်စေနိုင်ပြီး သွေးသန့်စေပါတယ်။ ကင်ဆာတွေကို ကာကွယ်ပေးနိုင်တဲ့ အပြင် အထူးသဖြင့်တော့ အဆုတ်ကင်ဆာကိုပါ။ မှတ်ဉာဏ်တွေ အားကောင်းစေပြီး ဦးနှောက်ကျန်းမာရေးအတွက် စိတ်ချရစေပါတယ်။ တစ်နေ့ကို ၅၀မီလီဂရမ် စားပေးရုံနဲ့ မှတ်ဉာဏ်စွမ်းအားကို ထိန်းထားပေးနိုင်ပါတယ်။
မုန်လာဥနီကို ကလေးတွေ ဖွံ့ဖြိုးဖို့အတွက် အာဟာရ ဖြစ်စေမယ့် အသီးအနှံ ဖြစ်တာကြောင့် ဖြည့်စွက်စာတွေ ကျွေးတဲ့အခါ ထည့်ကျွေးသင့်ပါတယ်။ မုန်လာဥနီဟာ အစိမ်းစားခြင်းထက် ချက်ပြုတ်စားရင် အာဟာရ ပိုဖြစ်စေပါတယ်။ ဒါပေမယ့် အရမ်းတော့ လျှော့သွားတာမျိုး မဟုတ်ပါဘူး။ မုန်လာဥနီကို ပုံစံမျိုးစုံနဲ့ ချက်ပြုတ်စားကြပါတယ်။ ဟင်းချို/စွပ်ပြုတ်၊ မုန်လာဥနီသုပ်၊ မုန်လာဥနီကြော်၊ မုန်လာဥနီချဉ် ဆိုပြီး စားကြပါတယ်။ ကိုယ်အလေးချိန် ထိန်းလိုသူတွေအတွက်ကလည်း မုန်လာဥနီဖျော်ရည် သောက်ကြပါတယ်။ မုန်လာဥနီဟာ အမြဲလို ဝယ်ယူနိုင်တာကြောင့် ကျန်းမာစေဖို့ နေ့စဉ် စားပေးသင့်တဲ့ အသီးအနှံအဖြစ် မျှဝေလိုက်ရပါတယ်။