အုန်းဆီဟာ မြန်မာတွေ အတွက်ကတော့ ခေါင်းလိမ်းဖို့သက်သက် သုံးကြတာများပါတယ်။ ရှေးလူကြီးတွေကတော့ နေ့စဉ်လို သုံးကြပေမယ့် အခုခေတ်တွေမှာတော့ သံလွင်ဆီတွေလို အခြား ခေါင်းလိမ်းဆီအမျိုးမျိုးကို လိမ်းကြပေမယ့် ဆေးဖက်ဝင် အုန်းဆီကိုတော့ မပစ်ပယ်ကြသေးပါဘူး။
အုန်းဆီဆိုတာက အုန်းသီးထဲက အုန်းနို့ကိုချက်ပြီး ရသလို အုန်းသားကို ကြိတ်စက်နဲ့ ကြိတ်ပြီး ရလာတဲ့ အဆီကို အုန်းဆီကို အသုံးပြုကြတာပါ။
အုန်းဆီဟာ လူသားတွေ အတွက် အာဟာရဓာတ်ဖြစ်ရုံတင်မဟုတ်ဘဲ ရောဂါတွေ အတွက်လည်း ကုသဆေးအဖြစ် အသုံးပြုနိုင်ကြပါတယ်။ ဆေးဝါးများအနေနဲ့ လိမ်းဆေးလူးဆေး အဖြစ်သုံးကြပါတယ်။
မီးဖိုချောင်ထဲမှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ဆီပူနာ၊ မီးလောင်နာ၊ ထိခိုက်ရှနာတွေကို သက်သာစေဖို့ အုန်းဆီကို လိမ်းလို့ရပါတယ်။ အုန်းဆီကို ဟင်းလျာချက်စားရာမှာ အနံ့မွှေးကြိုင်ဖို့လည်း ထည့်ပါတယ်။
အုန်းဆီဟာ သိမ်မွေ့ပြီး ချိုဆိမ့်အရသာ ရှိပါတယ်။ ခွန်အားကို တိုးတက်စေနိုင်ပြီး အသားကိုပွားစေနိုင်ပါတယ်။ စိတ်နှလုံးကို ကြည်လင်စေပြီး သွေးသားကို သန့်စေပါတယ်။ ဆီးနဲ့ ပတ်သက်တဲ့ရောဂါတွေကို သက်သာစေနိုင်ပါတယ်။
အရိုးနဲ့သွားတွေကို ခိုင်မာစေပြီး မျက်စိကို ကြည်လင်စေနိုင်ပါတယ်။ ကာမအားတိုးပွားမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေနိုင်ပါတယ်။ ကလေးသူငယ်တွေဖြစ်တတ်တဲ့ သူငယ်နာ၊ ကျောပူ၊ ခေါင်းပူ၊ နှာပိတ်တာတွေကို သက်သာစေနိုင်ပါတယ်။
Ref: Health care