မိုးစွေနေတဲ့ ဒီရက်တွေမှာ တောင့်တမိကြတာ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ရေနွေးကြမ်းပါပဲ။ တစိမ့်စိမ့် ရွာနေတဲ့ မိုးကြောင့်ပဲ ရေနွေးကြမ်းလေးသောက် လက်ဖက်လေးစားလစာအုပ်တစ်အုပ်လောက်နဲ့ အိမ်မှာပဲ နှပ်နေချင်မိသူတွေ နည်းမှာ မဟုတ်ပါဘူး။ ရာသီဥတုနဲ့ လိုက်ပြီး စားသောက်နေထိုင်ခြင်းဟာလည်း ကျန်းမာစေတဲ့ အလေ့အကျင့် တစ်မျိုးလပါပဲ။ မြန်မာတွေကတော့ လက်ဖက်ရေကြမ်း၊ ရေနွေးကြမ်းကို ရိုးရိုး လက်ဖက်ခြောက်နဲ့ သောက်တာများပါတယ်။ ရှမ်းပြည်နယ်ဘက်က လာတဲ့ လက်ဖက်ခြောက်တွေဟာ ဈေးကောင်းပြီး ကောင်းမွန်တဲ့ မြန်မာအကြိုက် အရသာကို ပေးစွမ်းပါတယ်။
လက်ဖက်ခြောက်တွေမှာလည်း ရှမ်းခြောက်၊ စော်ဘွားနှုတ်ခမ်းမွှေး၊ ကောက်ညှင်းမွှေး ဆိုပြီး လူကြိုက်များ အသောက်များပါတယ်။ စံပယ်နံ့၊ နှင်းဆီနံ့ အစရှိတဲ့ ပန်းရနံ့တွေနဲ့ လက်ဖက်ခြောက်တွေကိုတော့ သောက်သုံးသူ ပမာဏ သိပ်များများစားစား မရှိတာ တွေ့ရပါတယ်။ မြန်မာတွေရဲ့ ချစ်စရာဓလေ့ တစ်ခုကတော့ ကိုယ့်အိမ်ကို ခဏလာတဲ့ ဧည့်သည် ဖြစ်ပါစေ ရေနွေးကြမ်းနဲ့ လက်ဖက်သုပ် ဒါမှမဟုတ် ရေနွေးကြမ်းနဲ့ အချိုမုန့်တွေကို တည်ခင်းဧည့်ခံလေ့ ရှိပါတယ်။ ဒါကြောင့် ရေနွေးကြမ်းဟာ မြန်မာတို့ရဲ့ မပါမဖြစ် ဇာတ်လိုက်ကျော် တစ်ဦးပါပဲ။
ရေနွေးကြမ်းကို မိရိုးဖလာလို့ သောက်သုံးနေကြပေမယ့် ရေနွေးကြမ်းရဲ့ အကျိုးအာနိသင်တွေကိုတော့ သတိထားမိသူ နည်းပါတယ်။ ရေနွေးကြမ်းဟာ လန်းဆန်းတက်ကြွစေပြီး စိတ်ကျခြင်းတို့ကို ပြေပျောက်စေနိုင်ပါတယ်။ ရေနွေးကြမ်းကို နေ့တိုင်း သောက်သုံးပေးမယ်ဆိုရင်တော့ အဆီကျစေနိုင်ပြီး ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။ လက်ဖက်ရွက်မှာ Antioxidants ပါဝင်မှု များပြီး Free Radicals တွေကို တိုက်ထုတ်နိုင်တာကြောင့် ကိုယ်တွင်းမှာ ရှိတဲ့ ကောင်းမွန်တဲ့ ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေပါတယ်။ ရေနွေးကြမ်းကို သောက် သုံးပေးခြင်းဖြင့် အရေပြားကို ပြင်ပမှ ဘက်တီးရီးယားတွေ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး မျက်နှာပြင် အရေးအကြောင်းတွေ မဖြစ်ပေါ်စေဖို့ တားဆီးပေးပါတယ်။
သကြားဓာတ်ကို ပုံမှန်ထိန်းပေးပြီး ဆီးချိုဖြစ်ပွားခြင်းကို ကာကွယ်နိုင်တာကြောင့် နေ့စဉ် ၃-၄ ခွက်လောက် သောက်သုံးပေးသင့်ပါတယ်။ အသည်းအဆီဖုံးခြင်း၊ သွေးတွင်းဖိအားမြင့်တက်ခြင်း တို့ကို ကာကွယ်ပေးပြီး ကိုယ်ခံစွမ်းအားကို တိုးမြှင့်စေပါတယ်။ သွားအတွင်းမှာ ရှိတဲ့ ဘတ်တီးရီးယားတွေကို သေစေနိုင်တာကြောင့် သွေးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ အစာတစ်ခုခု စားပြီး ချိန်တိုင်းမှာ ရေအေးသောက်ခြင်းထက် ရေနွေးသောက်ပါက အစာအိမ်က ပိုပြီး ကြေညက်စေဖို့ အားကောင်းပါတယ်။
ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေကိုလည်း သိထားသင့်ပါသေးတယ်။ ရေနွေးကြမ်းကို ဓာတ်ဘူးထဲ ထည့်ပြီး ညသိပ် မသောက်ရပါဘူး။ အဆိပ်ထက် ဆိုးတယ်လို့ မှတ်သားဖူးပါတယ်။ ဗိုက်ထဲ အစာမရှိတဲ့ အချိန်တွေမှာလည်း ရေနွေးကြမ်းကို မသောက်သင့်ပါဘူး။ အစာခြေဖို့ စောင့်နေတဲ့ အက်ဆစ်ဓာတ်နဲ့ ဓာတ်ပြုပြီး မအီမသာ ဖြစ်စေခြင်း၊ ဗိုက်အောင့်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။