တစ်နေ့တာလုံး သွားလာလှုပ်ရှားနေရတဲ့အခါ ပင်ပန်းနွမ်းနယ်ပြီး အားအင်မပြည့်သလို ခံစားနေရပါသလား။ ဒီလို ပင်ပန်းနုန်းချိသလို ခံစားနေရတဲ့အခါ အားအင်တွေပြန်လည် ဖြည့်တင်းပေးနိုင်မယ့် အစားအစာလေးတွေကို စားသုံးပေးဖို့ လိုပါလိမ့်မယ်။

ဘယ်လိုအစားအစာတွေက သင့်အတွက် ခွန်အားတွေ ပြန်လည်ပေးစွမ်းနိုင်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ခန္ဓာကိုယ်အတွက် စွမ်းအင်ပမာဏတွေ ပွားများလာအောင် ဖြည့်ဆည်းပေးမယ့် ကာဗိုဟိုက်ဒြိုက်၊ ပိုတက်စီယမ်နဲ့ ဗီတာမင် B6 တို့ ပါဝင်တဲ့အတွက်ကြောင့် စွမ်းအားပြည့်စေတဲ့ အကောင်းဆုံး အစားအစာပါပဲ။ ဒါ့ကြောင့် အားကစားသမားတွေအနေနဲ့ အားကစားပြုလုပ်ပြီးသွားတဲ့အခါ အားအင်ပြန်လည် ပြည့်ဝဖို့ ငှက်ပျောသီး စားသုံးကြခြင်း ဖြစ်ပါတယ်။

ကန်စွန်းဥ

Sweet Potatos

ကန်စွန်းဥထဲမှာ မဂ္ဂနီဆီယမ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုမဂ္ဂနီဆီယမ်ဓာတ်က မိမိစားသုံးလိုက်တဲ့အာဟာရဓာတ်များကို ဖြိုခွင်းလိုက်ပြီး စွမ်းအင်အဖြစ် ပြန်လည် အစားထိုးပေးပါလိမ့်မယ်။

ကြက်ဥ

ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး ဗီတာမင်ဘီနဲ့ အမိုင်နိုအက်စစ်တို့က စွမ်းအင်တွေတိုးပွားလာအောင် လှုံ့ဆော်ပေးမယ့် လောင်စာလေးတွေပဲဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်ချိန်မှာ ကြက်ဥ ၁ လုံး၊ ၂ လုံးခန့် စားသုံးပေးမယ်ဆိုရင် အားအင်ပြန်လည် ပြည့်ဝလာမှာပဲဖြစ်ပါတယ်။

ပန်းသီး

ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အသီးအနှံ့တစ်ခုကို ပြောပါဆိုရင်တော့ ပန်းသီးကိုပဲ ညွှန်းချင်ပါတယ်။ ပန်းသီးထဲမှာ Antioxidant ပမာဏ မြင့်မားစွာပါဝင်ပြီး ထို Antioxidant က ကာဗိုဟိုက်ဒြိုက်များ အလျင်အမြန်ကုန်ဆုံးသွားခြင်းကို တားဆီးပေးတာကြောင့် ခန္ဓာကိုယ်ထဲမှာ စွမ်းအင်များ အချိန်အကြာကြီး ကိန်းအောင်းနေအောင် ကူညီပေးပါလိမ့်မယ်။

ချောကလက်အမဲ

ကိုးကိုးမှုန့်ထဲမှာ ပါဝင်တဲ့ Antioxidant က သွေးလှည့်ပတ်မှုကို ကောင်းမွန်စေကာ ကျန်းမာရေးကောင်းစေတဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ သွေးလှည့်ပတ်မှု ကောင်းသွားတဲ့အခါ ဦးနှောက်နဲ့ ကြွက်သားတွေဆီသို့ အောက်ဆီဂျင်ကို ကောင်းမွန်စွာ သယ်ယူပို့ဆောင်ပေးနိုင်တာကြောင့် ပင်ပန်းနွမ်းနယ်မှုကို ဖြေလျော့ပေးပြီး စိတ်ခံစားချက်တွေ ကောင်းမွန်စေမှာပဲဖြစ်ပါတယ်။

လိမ္မော်သီး

လီမ္မော်သီးမှာ ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်ပြီး သူ့ထဲမှာ ပါဝင်တဲ့ Antioxidant ဒြပ်ပေါင်းက စိတ်ဖိစီးမှုရန်မှ ကာကွယ်ပေးပါတယ်။ စိတ်ဖိစီးမှုတွေ ပင်ပန်းနွမ်းနယ်မှုတွေက စိတ်ကျရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်ပြီး ဒီလိုဖြစ်လာပြီဆိုရင် တစ်ကိုယ်လုံး ခြေမသယ်ချင် လက်မသယ်ချင် ခံစားရပါလိမ့်မယ်။ လိမ္မော်သီးစားသုံးလိုက်မယ်ဆိုရင် သူ့ရဲ့ ချဉ်ပြုံးပြုံးအရသာက သင့်ကို ရွှင်လန်းတက်ကြွလာစေမှာပဲဖြစ်ပါတယ်။

Source: healthline.com