ရာသီဥတုဟာ တစ်နေ့နဲ့ တစ်နေ့ ပြောင်းလဲမှု မြန်တဲ့ အတွက် ရုတ်တရက် ဖျားနာခြင်းနဲ့ အအေးမိခြင်းတို့ ဖြစ်စေ တတ်ပါတယ်။ ချောင်းဆိုး၊ နှာစေး၊ လည်ချောင်းနာ အစရှိတဲ့ အအေးမိခြင်းတွေကို သက်သာစေဖို့ အတွက် အိမ်မှာပဲ ကိုယ်တိုင်လုပ်ပြီး သောက်ရမယ့် ဆေးတစ်ခွက်ရှိပါတယ်။ အချို့က ဆေးတွေ မသောက် ချင်ကြပါဘူး။ ဆေးမသောက်ချင်သူတွေ အတွက်တော့ ဒီနည်းလေးက အသုံးဝင်စေမှာပါ။
အဓိက ပါဝင်တာကတော့ ဂျင်းပါ။ ဂျင်းဟာ အအေးမိခြင်းကို သက်သာစေနိုင်တဲ့ မြန်မာ့ဆေးနည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ဂျင်းဟာ သွေးကြောတွေ ကို ပွင့်စေရုံမက အစာအိမ် အတွက်ပါ ကောင်းမွန်စေပါတယ်။
သံပုယိုသီး၊ ဂျင်း၊ ပျားရည်
ဒီအတွဲအစပ်လေးဟာ အအေးမိခြင်းနဲ့ ဖျားနာခြင်းကို သက်သာစေနိုင်တဲ့ အပြင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းတစ်ခုလည်း ဖြစ်ပါတယ်။ လွယ်ကူပြီး ရိုးရှင်းတဲ့ ဆေးနည်းပါ။
ပြင်ဆင်ပုံ
– သံပုယိုသီး ၂လုံး
– ဂျင်း လက်နှစ်ဆစ်စာ
– ပျားရည်
– jar
ပြုလုပ်ပုံ
– သံပုယိုသီးနဲ့ ဂျင်းကို ရေသေချာ ဆေးကြောပါ။
– အကွင်းလိုက် လှီးပေးပါ။
– Jar ထဲကို ထည့်ပါ။ ပျားရည်ကို မြုပ်အောင် လောင်းထည့်ပါ။
– အဖုံးလုံအောင် ဖုံးပြီး ရေခဲသေတ္တာထဲ သိမ်းဆည်းပါ။ တစ်လလောက်ထိ အထားခံပါတယ်။
ဒီ အိမ်တွင်း ဆေးလေးကို အအေးမိတော့မယ့် လက္ခဏာ တစ်ခုခု ပြပြီဆိုတာနဲ့ ဇွန်း၂-၃ ဇွန်းခန့် စားပေးပါ။ ဒါမှမဟုတ် ရေနွေးနဲ့ ၃-၄ မိနစ်ခန့် ပြန်စိမ်ပြီး သောက်ရင်လည်း ရပါတယ်။
ဂျင်းလက်ဖက်ရည်
ဂျင်းလက်ဖက်ရည်ဟာ လွယ်ကူပြီး အအေးမိခြင်းကိုသာမက ဝိတ်ကိုလည်း ကျစေပါတယ်။
ပြင်ဆင်ပုံ
– လတ်ဆတ်တဲ့ ဂျင်းတစ်တက်
– ရေနွေးဖြူ တစ်ခွက်
– သံပုယိုသီး ညှစ်ပြီးသား အရည်
– ပျားရည် အနည်းငယ်
ပြုလုပ်ပုံ
– ဂျင်းကို အရင်ဦးစွာ သေချာစွာ ဆေးပေးပါ။
– ခပ်ပါးပါး လှီးပြီး ရေနွေးခွက်ထဲ ထည့်ပါ။
– သံပုယိုရည်နဲ့ ပျားရည်ကို ကြိုက်နှစ်သက်သလောက် ထည့်ပါ။ တစ်ခွက်စာဆိုရင်တော့ လက်ဖက်ရည်ဇွန်းတစ်ဇွန်း ဒါမှမဟုတ် ဇွန်းဝက်လောက်ဆို လုံလောက်ပါတယ်။
ဒီ လက်ဖက်ရည်ကိုတော့ ချေုာင်းဆိုးတဲ့ အခါ သောက်ပေးရင် သက်သာစေနိုင်ပြီး အအေးမိတဲ့ အခါ တစ်နေ့ကို ၃-၄ကြိမ်ထိ သောက်ပေးနိုင်ပါတယ်။