အိမ်တိုင်းမှာ ရှိရမယ် နေ့တိုင်းနီးပါး စားဖြစ်တယ်ဆိုတဲ့ ဟင်းခတ်အမွှေးအကြိုင် တစ်ခုကို ပြောပါဆိုရင် နနွင်းကို ပြောရပါလိမ့်မယ်။ နနွင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်လောက်ကတည်းက အိန္ဒိယပြည်နယ် တောင်ပိုင်းဒေသတစ်ခုမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး အင်ဒို၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ အိန္ဒိယနိုင်ငံတွေမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် နာမည်ကျော်နေဆဲပါ။

turmeric-plant

မြန်မာနိုင်ငံမှာတော့ နေရာအနှံ့အပြားမှာ ပေါက်ရောက်ပြီး အရွက်တွေဟာ အစိမ်းနုရောင် ရှိပြီး အရွက်ဖားဖား အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ ချင်းပင် အမျိုးအစား ဖြစ်ပြီး အမြစ်ကို  စားရတာ ဖြစ်ပါတယ်။ သြဂတ်လလောက်ဆိုရင် အဖူးတွေ ဖူးပြီး ပွင့်တတ်ပါပြီ။ နနွင်းကို အိန္ဒိယလူမျိုးများက ဆေးဝါး အဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ ဥရောပတိုင်းသားတွေကိုတော့ ၁၃ရာစုလောက်မှာ နနွင်းနဲ့စပြီး ထိတွေ့ကြပါတယ်။

မြန်မာဆေးကျမ်းအရ နနွင်းဟာ ပူတယ်၊ စပ်တယ်၊ ခါးပြီး ဆိမ့်တဲ့ အရသာ ရှိတယ်လို့ ဆိုပါတယ်။ ကိုယ်ရေနွေးစေပြီး ပူစေတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ လေကိုနိုင်စေပြီး ဝမ်းမီးကို တောက်စေပါတယ်။ အစာမကြေရောဂါ အတွက်ကတော့ ဆေးစွမ်းတစ်လက်ပါ။

အူအတွက် အထူးကောင်းမွန်စေပြီး အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲခြင်းကိုလည်း သက်သာစေပါတယ်။  အရိုးအဆစ်တွေ အတွက်ကလည်း နနွင်းကို ပုံမှန် သုံးစွဲပေးရင် သက်သာစေပါတယ်။ နနွင်းမှာ  သံဓာတ်နဲ့မန်ဂနိနှစ်ခုလုံးပါဝင်သလို ဗိုက်တာမင် B 6 ၊အမျှင်ဓာတ်နှင့် ပိုတက်ဆီယံဓာတ်တို့လည်းပါဝင်ပါတယ်။

မြန်မာတွေရဲ့ မီးဖိုချောင်ထဲမှာတော့ နနွင်းဟာ မရှိမဖြစ်ပါပဲ။ ဟင်းချက်တဲ့ အခါ အသားဟင်းနဲ့ အခြား ဆီသတ်ချက်တဲ့ ဟင်းတိုင်းလိုလို နနွင်းကို ထည့်ချက်တတ်ပါတယ်။ ညှီနံ့ကို သက်သာစေပြီး အရောင်လှတယ်ဆိုပြီး ထည့်ကြတာ ဖြစ်သလို အချို့ကလည်း အာနိသင်တွေကို နားလည်ပြီး ထည့်ကို ချက်တာ ဖြစ်ပါတယ်။

Health-Benefits-of-Turmeric

နနွင်းဥ ကို ပါးပါးလှီး၍ နေရိပ်တွင် လှန်းပြီး ပျားရည်နှင့် တစ်ကြိမ် ၃ ပြား၊ တစ်နေ့ တစ်ကြိမ် သောက်သော် အစာအိမ် ရောဂါ ပျောက်စေပါတယ်။ သွေးထဲက ကိုလက်စထရောကို ကျစေပြီး အမျိုးသမီးတွေ အတွက်ကတော့ အာသားအရေ ထိန်းသိမ်းဖို့ အတွက်လည်းကောင်း၊ ဓမ္မတာကာလတွေမှာ ဖြစ်တဲ့ နာကျင်မှုတွေကို သက်သာစေဖို့လည်းကောင်း သုံးနိုင်ပါတယ်။ ဆီးပူဆီးအောင့် ဖြစ်ရင် နနွင်းကို အသုံးပြုနိုင်သလို လေထိုးနေခဲ့ရင်တော့ ဆားခတ်ပြီး သောက်ပေးနိုင်ပါတယ်။

ကောင်းမွန်တဲ့ ဆေးဖက်ဝင် နနွင်းကို ချင့်ချိန် သုံးစွဲခြင်းဖြင့် အရသာ ရှိတဲ့ ဟင်းလျာတွေကို ချက်ပြုတ်နိုင်ကြပါစေ။

Credit: Wiki , ဆေးဖက်ဝင်အပင်များ