အချိုအစားအစာများ အစားများတဲ့အခါ အစားစားပြီးတိုင်း ပလုတ်မကျင်းတဲ့အခါ အိပ်ရာဝင်ခါနီးတိုင်း သွားမတိုက်တဲ့အခါ သွားကြားထဲမှာ ကပ်ငြိနေတဲ့ စားကြွင်းစားကျန်တွေက သင့်သွားကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။ မိမိရဲ့ အလေ့အကျင့်ဆိုးတွေကြောင့် မခံမရပ်နိုင်အောင် သွားကိုက်လာပြီဆိုရင် သွားဆရာဝန်နဲ့ မဖြစ်မနေသွားပြရပါတော့မယ်။

ဒါပေမဲ့ ညကြီးအချိန်မတော်ကျမှ သွားကိုက်လာလို့ သွားဆရာထံမသွားနိုင်သေးဘူးဆိုရင် အခုဖော်ပြပေးမယ့် အိမ်တွင်းဆေးနည်းလေးတွေကို အသုံးပြုကြည့်လိုက်ပါ။ သင် ခံစားနေရတဲ့ ဝေဒနာကို သက်သာပျောက်ကင်းစေမှာပဲဖြစ်ပါတယ်။

ဆား

အလွယ်တကူ ဝယ်ယူရရှိနိုင်တယ်ဆိုပြီး ဆားရဲ့ ဂုဏ်သတ္တိတွေကို အထင်မသေးလိုက်ပါနဲ့။ ဆားနဲ့ ပလုတ်ကျင်းပေးလိုက်မယ်ဆိုရင် သွားကြားထဲမှာ ကပ်ငြိနေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးပြီး သွားနဲ့သွားဖုံးက နာကျင်မှုတွေကို သက်သာစေမှာပဲဖြစ်ပါတယ်။

ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို ရေနဲ့ ရောမွှေပေးလိုက်ပါ။ ထိုဆားရေနဲ့ တစ်မိနစ်ခန့် ပလုတ်ကျင်းပေးလိုက်ရုံပါပဲ။ ရေက ရေခဲရေနဲ့ ရေနွေးမဟုတ်ဘဲ အခန်းအပူအချိန်နဲ့ ညီမျှတဲ့ရေ ဖြစ်ရပါမယ်။

ရေခဲဝတ်ကပ်ပါ

နာကျင်မှု၊ ရောင်ရမ်းမှုတွေနဲ့ ပတ်သက်လာရင် ရေခဲဝတ်က အင်မတန်အစွမ်းထက်ပါတယ်။ ဇလုံတစ်လုံးထဲသို့ ရေခဲရေနဲ့ ရေခဲတုံးတို့ထည့်လိုက်ပြီးနောက် အဝတ်စတစ်ခုကို ထိုရေခဲရေထဲ ထည့်နှစ်လိုက်ပါ။ ရေစိုနေသော အဝတ်စကို အရည်ညှစ်လိုက်ပြီးနောက် ၅ မိနစ်မှ ၁၀ မိနစ်အတွင်း ပါးပေါ် ကပ်ထားပေးလိုက်ပါ။ ပိုနာတဲ့နေရာကို ပိုပိုသာသာလေး ကပ်ထားပေးလိုက်ပါ။ နာကျင်မှု လျော့နည်းတဲ့အထိ ရေခဲဝတ် ကပ်ပေးနိုင်ပါတယ်။

ပင်စိမ်း လက်ဖက်ရည်

ပင်စိမ်းလက်ဖက်ရည်ကိုတော့ နည်းလမ်းနှစ်မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ ပထမတစ်နည်းကတော့ ပင်စိမ်း လက်ဖက်ခြောက်အိတ်ကို တိုက်ရိုက်အသုံးပြုပေးရမှာပါ။ ပင်စိမ်း လက်ဖက်ခြောက်အိတ်ကို ရေနွေးထဲစိမ်ထားပြီးနောက် ထိုအိတ်ကို အအေးခံလိုက်ပါ။ ထို့နောက် ပါးစပ်ထဲထည့်ပြီး သွားနာတဲ့နေရာမှာ ဖိကိုက်ပေးထားလိုက်ပါ။ မိနစ်အနည်းငယ်လောက် ဖိထားပေးလိုက်ရင်တော့ နာကျင်မှု သက်သာသွားပါလိမ့်မယ်။

နောက်ထပ်တစ်နည်းကတော့ ပင်စိမ်း လက်ဖက်ခြောက်အိတ် စိမ်ထားတဲ့ရေနွေးနဲ့ ပလုတ်ကျင်းပေးရမှာပါ။ ထိုလက်ဖက်ခြောက်ရည်ကို ပါးစပ်ထဲမှာ တစ်မိနစ်ခန့် ငုံထားပြီး ပလုပ်ကျင်းပေးမယ်ဆိုရင် သွားကို ထုံသွားစေမှာဖြစ်ပြီး နာကျင်မှုကို သက်သာစေမှာပဲဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကလည်း သွားကိုက်ခြင်းကို ပျောက်ကင်းစေတဲ့ မီးဖိုချောင်ထဲက ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူကို အခွံခွာပြီး ဝါးစားပေးလိုက်ရုံပါပဲ။ တကယ်လို့ ပါးစပ်နံမှာ ကြောက်တယ်ဆိုရင်တော့ ကြက်သွန်ဖြူနဲ့ မကုသခင် အထက်က ဖော်ပြခဲ့တဲ့နည်းလမ်းလေးတွေနဲ့ အရင်ကြိုးစားကြည့်လိုက်ပါ။

Source: onegoodthingbyjillee.com