ကြက်သွန်ဖြူများသည် ထူးခြားသေချာသည့်အနံ့နှင့် အရသာကိုပေးစွမ်းနိုင်ပြီး အဆိုးဆုံးမှာ စားသုံးလိုက်ပြီးသည့်နောက် ၂၄ နာရီမှ ၄၈ နာရီအထိ အဆုတ်ထဲတွင် ကြက်သွန်ဖြူ၏အနံ့က တဝဲ၀ဲလည်နေခြင်းပဲဖြစ်ပါတယ်။ ထို့အပြင် စားသုံးဖို့ရန်ဦးစွာပြင်ဆင်ရသည့်အတွက်ကြောင့် လက်တွင်လည်း အနံ့စွဲကျန်ရန်နိုင်ပါတယ်။

သို့သော်လည်း ကြက်သွန်ဖြူတွင် အာဟာရဓာတ်များနှင့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ ပေါင်းစပ်ပါဝင်သောကြောင့် မစားသုံးဘဲလည်း မနေနိုင်ကြပါဘူး။ ထို့ကြောင့် စွဲကျန်နေသောကြက်သွန်ဖြူ၏အနံ့ကို ပျောက်ကင်းအောင်လုပ်ဆောင်နိုင်မည့် လွယ်ကူသက်သာနည်းလမ်းကောင်းလေးများရှိသဖြင့် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

၁။ ပန်းသီး

ပန်းသီးတွင်ပါဝင်သည့်ဓာတ်ပြုတတ်သောအန်ဇိုင်းများသည် ကြက်သွန်ဖြူအနံ့နှင့် အာခံတွင်းနံ့ကို အာနိသင်ပျက်ပြယ်သွားစေနိုင်ပါတယ်။ သိပ္ပံပညာရှင်များ၏ပြောကြားချက်များအရ ပန်းသီးစားသုံးခြင်းသည် အာခံတွင်း၌ကြက်သွန်ဖြူအနံ့စွဲကျန်နေခြင်းကို သက်သာစေနိုင်ပါတယ်။

၂။ နို့

ကြက်သွန်ဖြူစားသုံးနေစဉ်အတွင်း နို့သောက်သုံးပေးခြင်းသည် အနံ့စွဲကျန်မှုကို ထိထိရောက်ရောက် ပျောက်ကင်းစေနိုင်ပါတယ်။

၃။ ပူစီနံ

ပူစီနံတွင်ပါဝင်သည့် ကလိုရိုဖီးလ်သည် ကြက်သွန်ဖြူအနံ့ကို ဖုံးလွှမ်းစေရုံသာမက ဘတ်တီးရီးယားများကြောင့် ဖြစ်ပေါ်လာသည့် ခံတွင်းနံ့ဆိုးရွားမှုကိုပါ သက်သာစေပါတယ်။ ပူစီနံအရွက်များကို လက်ဖြင့်ဖိချေခြင်းဖြင့်လည်း လက်တွင်စွဲကျန်နေသော ကြက်သွန်ဖြူအနံ့ကို ဖယ်ရှားပေးနိုင်ပါတယ်။

၄။ တရုတ်နံနံ

ပူစီနံနည်းတူ ကြက်သွန်ဖြူခံတွင်းနံ့ကိုတိုက်ထုတ်ပေးပြီး လက်တွင်ကျန်ရှိနေသည့်အနံ့ကို ဖယ်ရှားရန်ကူညီပေးနိုင်သည့် ဟင်းခတ်အမွှေးအကြိုင်တစ်ခုပဲဖြစ်ပါတယ်။

၅။ သံပုရိုသီး

အချဉ်ဓာတ်အက်စစ်ရှိသောကြောင့် ကြက်သွန်ဖြူမှထုတ်လွှတ်လိုက်သည့် အန်ဇိုင်းများကိုပျောက်ကင်းစေကာ ကြက်သွန်ဖြူအနံ့စွဲကျန်မနေစေအောင်လည်း ကူညီပေးမှာဖြစ်ပါတယ်။

၆။ မုန့်ဖုတ်ပေါင်ဒါ

အနံ့ဆိုးများကို ဖယ်ရှားရန်အတွက် စိတ်ချလက်ချအသုံးပြုနိုင်သည့် မီးဖိုချောင်အမယ်တစ်မျိုးဖြစ်ပါတယ်။ ပါးစပ်သာမက လက်ပေါ်ရှိကြက်သွန်ဖြူအနံ့ကို ရှင်းလင်းပေးပြီး ဘတ်တီးရီးယားပေါက်ဖွားမှုကို ဟန့်တားပေးပါတယ်။ မုန့်ဖုတ်ပေါင်ဒါနှင့် ပင်လယ်ဆားကို ရေနွေးတစ်ခွက်ထဲထည့်မွှေကာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပလုပ်ကျင်းပေးနိုင်ပါတယ်။

၇။ သွားတိုက်ဆေး

ကြက်သွန်ဖြူအနံ့ကို ပျောက်ကင်းစေမည့် အိမ်တွင်းနည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ကြက်သွန်ဖြူပါဝင်သော အစားအသောက်များကို စားသုံးပြီးနောက် သွားတိုက်ပေးခြင်းက အလျင်အမြန်ပျောက်ကင်းစေနိုင်ပါတယ်။ လက်ပေါ်တွင် သွားတိုက်ဆေးအနည်းငယ်တင်ပြီး ပွတ်သပ်ပြီး ဆပ်ပြာဖြင့်ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။