ဟော့ပေါ့ချစ်သူတို့ရေ… ကိုယ့်ကျန်းမာရေးနဲ့ ကိုယ့်မိသားစုဝင်တွေရဲ့ ကျန်းမာရေးကို ငဲ့တဲ့အနေနဲ့ လူစုလူဝေးရှောင်ရ၊ ကိုယ်ကြိုက်တဲ့ ဟော့ပေါ့ဆိုင်တွေလည်း မသွားရဖြစ်နေလို့ စိတ်ညစ်နေပြီလား။

MyFood Myanmar က ဝေမျှပေးတဲ့ ဟင်းလျာလေးတွေရှိတဲ့အတွက်ကြောင့် စိတ်မညစ်ပါနဲ့တော့။

နာမည်ကြီး ဟော့ပေါ့ဆိုင်က အရသာလား အောက်မေ့သွားပြီး ဟော့ပေါ့ချစ်သူတွေ သွားရေ တမြှားမြှားကျသွားစေမယ့် ကိုရီးယားစတိုင်လ် ကင်ချီဟော့ပေါ့ ပြုလုပ်နည်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မြေပဲဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော အမဲသား ၂၂၅ ဂရမ်
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ပြုတ်ရည် (သို့) အမဲသားပြုတ်ရည် ၁ လီတာ

  • ကင်ချီ ၂၂၅ ဂရမ်
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲပြား ၄၅၀ ဂရမ် (လေးထောင့်အတုံးငယ် တုံးထားပါ)
  • မှို ၂၂၅ ဂရမ် (ပါးပါးလှီးထားပါ)

  • ဝက်သားပြား၊ ဝက်အူချောင်း (သို့) ကြက်အူချောင်း ၂၂၅ ဂရမ် (ပါးပါးလှီးထားပါ)
  • မုန်ညှင်းရွက် အနည်းငယ် (ပါးပါးလှီးထားပါ)
  • ခေါက်ဆွဲခြောက် ၂ ထုပ်
  • ကြက်ဥ ၂ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက နုပ်နုပ်စဉ်းထားသော အမဲသားထည့်ကာ ကျက်သွားသည်အထိ မွှေကြော်ပေးလိုက်ပါ။

၂။ ထို့နောက် ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ကင်ချီတို့ထည့်ကာ ၁ မိနစ်ခန့် မွှေပေးလိုက်ပါ။

၃။ ငရုတ်သီးအနှစ်ထည့်ကာ စက္ကန့် ၃၀ ခန့် သမအောင် မွှေကြော်ပေးလိုက်ပါ။

၄။ ကြက်ပြုတ်ရည်ထည့်ပြီးနောက် အိုးနံရံတွင် ကပ်နေသော အမဲသားများကို ခြစ်ချလိုက်ပါ။ ထို့နောက် ဝိုင်နီ၊ ပဲငံပြာရည်၊ သကြား၊ ပဲပြားနှင့် မှိုတို့ထည့်ကာ အဖုံးအုပ်ထားပြီး ၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၅။ ဆူပွက်လာပါက ဝက်သားပြား၊ ဝက်အူချောင်းတို့ထည့်ကာ ၅ မိနစ်ခန့် တည်ထားလိုက်ပါ။

၆။ ပြီးရင်တော့ မုန်ညှင်းရွက်၊ ခေါက်ဆွဲတို့ထည့်ကာ ၁ မိနစ်ခန့် တည်ပေးလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် မီးဖိုပေါ်က ချခါနီးကျမှ ကြက်ဥ ၂ လုံး ဖောက်ထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ရှူးရှူးရှဲရှဲလေးနဲ့ စားလို့ကောင်းတဲ့ ကိုရီးယားစတိုင်လ် ကင်ချီဟော့ပေါ့လေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com