ကိုယ်ဝန်ဆောင်နေချိန်အတွင်း အစားအသောက်ကိုဂရုတစိုက်စားသုံးရန်မှာ အလွန်အရေးကြီးသော်လည်း ရင်သွေးငယ်လေးကို မွေးဖွားပြီးသည့်နောက်မှာ ကောင်းမွန်သည့် အစားအသောက်များကို စားသုံးရန်မှာလည်း အဓိကကျပါတယ်။ ထိုသို့ပြုလုပ်ခြင်းက မီးဖွားစဉ်အချိန်ကကုန်ဆုံးသွားသည့်အားအင်များကို ပြန်လည်ဖြည့်တင်းပေး၍ စိတ်ဖိစီးမှုများနှင့် ဖိအားများကို တွန်းလှန်နိုင်ရန် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

မိခင်ရောကလေးပါ လုံလောက်မျှတသည့် အာဟာရဓာတ်များကို ရရှိနိုင်ရန်အတွက် ကလေးနို့တိုက်နေစဉ်အချိန်မှာ အဓိကစားသုံးပေးသင့်သည့် အစားအစာများကို ရွေးထုတ်ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဥများ

ပရိုတင်းနှင့်အမီနိုအက်စစ်ဓာတ်တို့ ကြွယ်ဝသည့်ကြက်ဥများကို စားသုံးပေးခြင်းသည် မိခင်နှင့်ကလေး၏ ကိုယ်ခံအားနှင့်ခံနိုင်ရည်စွမ်းအားကို တိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် မိခင်၏အရိုးများကို သန်မာစေသလို ကလေး၏အရိုးများကြီးထွားစေရန်၊ မှတ်ဉာဏ်အားကောင်းစေရန်လည်း အလွန်အထောက်အကူပြုနိုင်ပါတယ်။

၂။ အုတ်ဂျုံမှုန့်

ဖိုက်ဘာဓာတ်အလွန်မြင့်မားသော အစားအသောက်ဖြစ်သည့်အတွက် အလွယ်တကူအစာခြေဖျက်နိုင်ပြီး နို့ထွက်နှုန်းကိုလည်းတိုးတက်စေကာ မွေးဖွားပြီးဝမ်းချုပ်မှုဒဏ်မှ ခံစားနေရသောမိခင်များအတွက် အထူးအသုံးဝင်မှာဖြစ်ပါတယ်။

၃။ ဆော်လမွန်ငါး

ယင်း၏ အံ့သြဖွယ်ကောင်းလှသည့် အာဟာရဓာတ်ခံများကြောင့် မွေးဖွားပြီးခါစမိခင်များအတွက် အထူးကောင်းမွန်သည့်အစားအစာတစ်ခုဖြစ်ပါတယ်။ ရင်သွေးငယ်များ၏ အာရုံကြောစနစ်ကိုကောင်းမွန်စေသောကြောင့်လည်း စားသုံးဖို့အထူးတိုက်တွန်းချင်ပါတယ်။

၄။ အညိုရောင်ဆန်

မီးနေသည်တို့၏ စွမ်းအင်တိုးတက်စေ၍ သွေးချိုပမာဏကို တည်ငြိမ်မှုရှိစေသောကြောင့် ဆန်အဖြူအစား အညိုရောင်ဆန်ကို စားသုံးစေလိုပါတယ်။ ထို့အပြင် နို့ထွက်နှုန်းကိုလည်း တိုးတက်စေသောကြောင့် မိခင်များစားသုံးဖို့အလွန်သင့်တော်ပါတယ်။

၅။ ဘလူးဘယ်ရီ

Antioxidant များကြွယ်ဝစွာပါဝင်သည့် အသီးအနှံဖြစ်သောကြောင့် ရေဒီယိုသတ္တိလှိုင်းများထကြွခြင်းကို ဖျက်ဆီးပေးနိုင်ရုံသာမက သင်နှင့်ရင်သွေးငယ်ကို အခြားရောဂါများဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၆။ နို့

ရင်သွေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထောက်ပံ့ပေးနိုင်သည့် အာဟာရဓာတ်များအပြည့်အဝပါဝင်ပြီး ကလေးနို့တိုက်ရင်းဖြင့် ကုန်ဆုံးသွားသည့် ကယ်လ်စီယမ်ပမာဏကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

အထက်ဖော်ပြပါ အစားအသောက်များအပြင် မိခင်များသည် ရေအများအပြားသောက်သုံးပေးရန်လည်း အထူးလိုအပ်ပါတယ်။ ရေဓာတ်လုံလောက်မှုရှိမှ မိမိရင်သွေးငယ်များကို နို့တိုက်ကျွေးနိုင်မှာဖြစ်သောကြောင့် ဂရုစိုက်ရန်အကြံပေးချင်ပါတယ်။