မျက်စိထဲ ဖုန်မှုန်သွားတဲ့အခါ ပိုးကောင်လေးတွေ ဝင်သွားတဲ့အခါ မျက်စိယားယံတတ်ပါတယ်။ မြင်ကွင်းမရှင်းတာကြောင့်ပဲဖြစ်ဖြစ် တစ်နေကုန် ကွန်ပျူတာနဲ့ ဖုန်းကြည့်ပြီး အလုပ်လုပ်နေရတာကြောင့် မျက်စိညောင်းညာတဲ့အခါ မျက်စိကို ဘယ်လိုအနားပြန်ပေးရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

သင့် မီးဖိုချောင်မှာ အဆင်သင့်ရှိပြီးသား အစားအစာတွေနဲ့ ပြုလုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် အကုန်အကျလည်း သက်သာစေမယ့် အိမ်တွင်းဆေးနည်းလေးတွေပဲဖြစ်ပါတယ်။

သခွားသီး

ရုပ်ရှင်တွေထဲမှာ သခွားသီးကပ်ပြီး ပေါင်းတင်ကြတာကို မြင်ဖူးကြမှာပါ။ သခွားသီးကို မျက်လုံးမှာ ကပ်ထားမယ်ဆိုရင် အပူတွေကို စုပ်ယူပေးသွားမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် မျက်စိရောင်ရမ်းခြင်းနဲ့ နီမြန်းခြင်းတို့ကို သက်သာပျောက်ကင်းစေတဲ့ Antioxiants တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။

ပြုလုပ်နည်းလေးကတော့…

သခွားသီးကို အကွင်းလိုက် လှီးဖြတ်ထားပြီး ရေခဲရေထဲ ၁၀ မိနစ်ခန့် စိမ်ထားပေးလိုက်ပါ။ ထို့နောက် သင့်မျက်လုံးလေးကို မှိတ်ထားလိုက်ပြီး မျက်ခွံပေါ်မှာ ၁၀ မိနစ်ခန့် တင်ထားလိုက်ပါ။ ၁၀ မိနစ်ပြည့်တဲ့အခါမှာတော့ သင့် မျက်လုံးလေးက အေးမြပြီး ကြည့်လို့ကောင်းသွားမှာပဲဖြစ်ပါတယ်။

လက်ဖက်ခြောက်အိတ်

လက်ဖက်ခြောက် အမဲအိတ်ပဲဖြစ်ဖြစ် လက်ဖက်စိမ်း အိတ်ပဲဖြစ်ဖြစ် အာနိသင်ကတော့ အတူတူပဲဖြစ်ပါတယ်။ လက်ဖက်ခြောက်ထဲမှာ ပါဝင်တဲ့ Tannic အက်စစ်က မျက်စိယားယံခြင်းနဲ့ မျက်စိရောင်ခြင်းတို့ကို ကုသပေးနိုင်တဲ့ အစွမ်းသတ္တိပိုင်ဆိုင်ထားပါတယ်။ လက်ဖက်ခြောက်အိတ်ကို ရေနွေးထဲ ထည့်စိမ်ပြီးနောက် လက်ဖက်ရည်အနည်ကျသွားအောင် စောင့်လိုက်ပါ။ ထို့နောက် အအေးခံပြီးတဲ့အခါ မျက်လုံးပေါ် တင်ထားလိုက်ရုံပါပဲ။ ဒီနည်းက အိပ်ရေးပျက်လွန်းလို့ မျက်ကွင်းညိုသူများအတွက်လည်း အသုံးဝင်ပါတယ်။

ရေဓာတ်ပြည့်ဝအောင် နေထိုင်ပါ

သင့် မျက်လုံးက ကြည့်ရတာ မြင်ကွင်းမရှင်းဘဲ အမြင်အာရုံတွေဝေဝါးပြီး မျက်စိက ခိုးလိုးခုလုဖြစ်နေခြင်းက မျက်စိခြောက်ခြင်းရဲ့ လက္ခဏာရပ် တွေပဲဖြစ်ပါတယ်။ ဒီလို မျက်စိခြောက်လာပြီဆိုရင် ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ သင့်မျက်လုံးကလည်း ရေဓာတ်ပြည့်ဝစွာရရှိပြီး မျက်စိအားကောင်းမှာပဲဖြစ်ပါတယ်။

အာလူး

အာလူးကို အကွင်းလိုက်လှီးဖြတ်ပြီး မျက်လုံးပေါ်မှာ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ကပ်ပေးမယ်ဆိုရင်လည်း မျက်လုံးအေးစေပြီး နီမြန်းရောင်ရမ်းခြင်းတို့ကို သက်သာစေမှာပဲဖြစ်ပါတယ်။

နွားနို့နွေးနွေးလေးနှင့် ပျားရည်

နွားနို့နဲ့ ပျားရည်ကို ဆတူရောပြီး နွေးနွေးလေးဖြစ်သွားအောင် အပူပေးလိုက်ပါ (အရမ်းကြီး ပူခြစ်နေအောင် အပူပေးစရာမလိုပါဘူး)။ နွားနို့နဲ့ ပျားရည်ကို သမအောင် မွှေပြီးတဲ့နောက်မှာ ဝါဂွမ်းစလေးကို ထိုအရည်ထဲ ဆွတ်လိုက်ပြီး မျက်လုံးမှိတ်လျက်သားနဲ့ မျက်ခွံပေါ် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ၁၀ မိနစ်ခန့် ကြာအောင်စောင့်လိုက်ပါ။ သင့် မျက်လုံးထဲက အပူတွေကို စုပ်ထုတ်ပေးပြီး မြင်ကွင်းရှင်းအောင် ကူညီပေးပါလိမ့်မယ်။

Source: onegoodthingbyjillee.com