အသားအရေကို ထိန်းသိမ်းဖို့အတွက်ဆိုရင် တစ်ခြားပစ္စည်းတွေကိုသုံးပြီးလှပတာထက် အစားအသောက်နဲ့ပဲထိန်းသိမ်းပြီး သဘာဝအတိုင်း လှပချင်တဲ့သူတွေအတွက် အဆင်ပြေစေမယ့်နည်းလမ်းလေးတွေနဲ့ စားသောက်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အစားအသောက်တွေကလည်း အသားအရေအတွက် အကျိုးကျေးဇူးတွေရှိအောင် ထောက်ပံ့ပေးနိုင်တာကြောင့် ဘယ်လိုအစားစာတွေကို စားပေးသင့်လဲဆိုတာ ကြည့်လိုက်ရအောင်နော်။

စတော်ဘယ်ရီ

စတော်ဘယ်ရီက ဘယ်အချိန်မဆိုစားသုံးပေးဖို့အတွက် ရွေးချယ်ဖို့အသင့်တော်ဆုံးနဲ့ အရသာအရှိဆုံးအစားစာပေါ့။ အသားအရေကောင်းမွန်ဖို့အတွက် ရွေးချယ်ပြီးစားသုံးမယ်ဆိုရင်လည်း စတော်ဘယ်ရီကအဆင်ပြေတဲ့အသီးအနှံပါ။ စတော်ဘယ်ရီသီးမှာ အန်တီအောက်စီးဒန့်ဓာတ်တွေ ပါဝင်နေတာကြောင့် အသားအရေပျက်စီးနေတာတွေကိုလည်း လျော့နည်းသက်သာစေပြီး ကြည်လင်တဲ့အသားအရေကို ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။

သခွားမွှေးသီး

သခွားမွှေးသီးကလည်း လိမ္မော်ရောင်အသီးအနှံဆိုတော့ ဗီတာင်မင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် အသားအရေကြည်လင်စေဖို့ ကောင်းကောင်းကူညီပေးနိုင်ပါတယ်။ အရသာကလည်းတော်တော်လေးကို ကောင်းမွန်ပြီး အရွယ်တင်နုပျိုစေဖို့ ကူညီပေးနိုင်တော့ မကြာမကြာဖျော်ရည်လုပ်ပြီးသောက်မယ်ဆိုရင် အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

သင်္ဘောသီး

သင်္ဘောသီးကို အသားအရေကောင်းမွန်စေဖို့အတွက် သုံးမယ့်နေရာမှာ ရွေးချယ်မယ်ဆိုရင်တော့ အမှန်ကန်ဆုံးသောဆုံးဖြတ်ချက်လို့ပြောလို့ရပါတယ်။ ပျိုမေတို့ရဲ့ အသားအရေကောင်းမွန်ဖို့အတွက် ခန္ဓာကိုယ်အတွင်းမှာလိုအပ်တဲ့ ဗီတာမင်အေဓာတ်ကို သင်္ဘောသီးကနေ အများကြီးရရှိနိုင်တာကြောင့် ကြည်လင်လှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ပြီပေါ့။

ပန်းသီး

ပန်းသီးကိုစားပေးမယ်ဆိုရင်လည်း အသားအရေအတွက် ကောင်းမွန်စေတယ်ဆိုတာကိုရော သတိထားမိပါရဲ့လား။ ပုံမှန်စားသုံးပေးမယ်ဆိုရင် အသားအရေမှာ ဟော်မုန်းမညီမှုကြောင့်၊ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကိုလျော့နည်းသက်သာစေမှာပဲဖြစ်ပါတယ်။

Photo Source: Unsplash