အစားအစာနဲ့ပတ်သက်တာရင် အရသာ တည်ခင်းပုံစံတွေအမျိုးမျိုး ပြောင်းလဲဆန်းသစ်ကြပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းပေါ်ပေါက်လာတဲ့ အထူးအဆန်း အစားအစာများကို ဝေမျှပေးချင်ပါတယ်။

ဘီယာ Ramen ခေါက်ဆွဲ

ဒါကတော့ ဘီယာ Ramen ခေါက်ဆွဲလို့ခေါ်ပါတယ်။ Ramen ခေါက်ဆွဲကို ဘီယာခွက်ထဲထည့်ပြီး စားရတာဖြစ်ပါတယ်။

ကနေဒါနိုင်ငံရှိတဲ့ ဗန်ကူးဘားမြို့မှာရှိတဲ့ ဂျပန်စားသောက်ဆိုင်တစ်ခု တီထွင်တာဖြစ်ပါတယ်။ အရမ်းပူပြင်းတဲ့နွေရာသီမှာ စားသောက်ဆိုင်ပိုင်ရှင်က အကြံရခဲ့တာဖြစ်ပါတယ်။ Ramen ခေါက်ဆွဲကို ခဲထားတဲ့ ဘီယာခွက်ထဲမှာ ထည့်ထားတာဖြစ်ပါတယ်။ ဘီယာခွက်ထဲမှာ ဘီယာ မရှိပါဘူး။ အမြှပ်တွေကိုတော့ ကြက်ဥနဲ့လုပ်ထားတာဖြစ်ပါတယ်။

အထူးအဆန်း အာလူးကြော်အရသာတွေ

အာရှနိုင်ငံတွေမှာ ဒီနှစ်အတွင်းမှာ အထူးအဆန်း အာလူးကြော်အရသာတွေ ထပ်ထွက်လာပြန်ပါပြီ။ ဒိန်ချဉ်၊ ကိုကာကိုလာ၊ ချယ်ရီပန်း နဲ့ ရေ အရသာဆိုပြီးတောင် ထွက်ရှိလာပါတယ်။

တခါမှ မမျှော်လင့်ထားတဲ့ အရသာတွေပါပဲ။

ပုစွန်အရသာ နဲ့ ငါးအရသာ ငရုတ်သီးဆော့

ခရမ်းချဉ်သီးဆော့တို့ ငရုတ်သီးဆော့တို့ရှိနေရာကနေ ပုစွန်အရသာ၊ ငါးအရသာ ငရုတ်သီးဆော့တွေပါ ထပ်ထွက်လာပါတယ်။ ပုစွန်နဲ့ ငါးကြိုက်သူတွေတော့ ကြိုက်လောက်မှာပါ။

ရေညှိကနေထုတ်တဲ့ Green Caviar

Green Caviar ကတော့ နာမည်ကြီး ငါးဥ Caviar ကို မှီပြီး ပေးထားပုံပေါ်ပါတယ်။ Green Caviar ကိုတော့ ကမ်းရိုးတန်းဒေသက နိုင်ငံတွေ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က ရေညှိတွေနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

အာဟာရဓာတ်တွေ ပါဝင်မှု မြင့်မားပြီး နှလုံးရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးပါတယ်။

လန်ဒန်မြို့က တမူထူးဆန်းတဲ့ Ice Cream

အမည်းရောင် ရေခဲမုန့်ကိုတော့ မီးသွေးကနေ ပြုလုပ်ထားတာဖြစ်ပြီး လန်ဒန်မှာတော့ ရေပန်းစားနေပါတယ်။