ရက်လွန်နေတဲ့ အစားအစာတွေ မစားသုံးသင့်ဘူးဆိုတာကို ကျွန်ုပ်တို့အားလုံး သိပြီးသားဖြစ်ပါတယ်။ သို့ပေမယ့် ရက်လွန်နေမှန်း သတိမထားမိတဲ့အခါပဲဖြစ်ဖြစ်၊ တစ်ရက်ပဲ စွန်းသေးတာပါ ဘာမှ မဖြစ်လောက်ပါဘူးဆိုပြီး နှမြောတဲ့စိတ်နဲ့ စားသုံးမိတာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် စားသုံးမိတဲ့အခါ ကျန်းမာရေးပြဿနာများ ခံစားရနိုင်ပါတယ်။ ခံစားရတဲ့ ကျန်းမာရေးပြဿနာတွေကလည်း မိမိစားသုံးမယ့် အစားအစာပေါ် မူတည်နေပါသေးတယ်။

ဥပမာအနေနဲ့ ရက်လွန်နေတဲ့ မုန်လာဥနီကို စားသုံးမိမယ်ဆိုရင် ကျန်းမာရေးပြဿနာများ မခံစားရနိုင်ပေမယ့် ရက်သတ္တပတ်တာ (၃) ပတ်ခန့် ကျော်လွန်နေပြီဖြစ်တဲ့ ဝက်သားကို စားသုံးမိမယ်ဆိုရင် အစာအဆိပ်သင့်တဲ့ဝေဒနာကို ပြင်းထန်စွာ ခံစားရပါလိမ့်မယ်။

အစာအဆိပ်သင့်ခြင်း ရောဂါလက္ခဏာများ

Source: Shutterstock

တချို့အစားအစာတွေကတော့ ရက်လွန်သွားတယ်ဆိုရင် အစားအသောက်ရဲ့ အရသာပျက်သွားတာပဲ ရှိပါတယ်။ ဒါပေမဲ့ တချို့အစားအစာတွေကတော့ အစာအဆိပ်သင့်စေပါတယ်။ အစာအဆိပ်သင့်ပြီဆိုရင် အစာအိမ်အောင့်ခြင်း၊ မကြာခဏ အော့အန်ခြင်း၊ ဖျားခြင်း၊ ခေါင်းမူးခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ဒီလိုအစာအဆိပ်သင့်တဲ့ လက္ခဏာတွေက နာရီပိုင်းလောက်ပဲ ကြာနိုင်သလို ရက်သတ္တပတ်ချီပြီးလည်း ကြာနိုင်ပါတယ်။ ရောဂါပြင်းထန်မှု အခြေအနေပေါ်မှာ မူတည်သွားမှာပဲဖြစ်ပါတယ်။ တချို့အစားအစာတွေက သိုလှောင်ထားတဲ့နေရာက မသန့်တဲ့အခါမှာ ဘက်တီးရီးယားပိုးမွှားတွေလည်း ကပ်ငြိနေတတ်ပါသေးတယ်။

မိမိစားသုံးမယ့် အစားအသောက်က သက်တမ်းကုန်သွားပြီဆိုတာ ဘယ်လိုသိနိုင်မလဲ

Source: Shutterstock

တချို့အစားအသောက်တွေကတော့ အစားအသောက်ထုပ်ပိုးထားတဲ့အိတ်ပေါ်မှာ ရေးထိုးထားတဲ့ ရက်စွဲကိုကြည့်ရင် သိနိုင်ပါတယ်။ အစားအသောက် သက်တမ်းကုန်သွားပြီဆိုတာကို သိသိသာသာဖော်ပြပေးနေတဲ့ နောက်လက္ခဏာတစ်ခုကတော့ မှိုတက်နေခြင်းပဲဖြစ်ပါတယ်။

ထိုမှိုထဲမှာ ဘက်တီးရီးယားပိုးမွှားတွေ အများအပြား တွယ်ကပ်ပေါက်ရောက်နေတာပဲဖြစ်ပါတယ်။ တချို့မှိုတွေက များများပြန့်ပွားလာလေ အဆိပ်အတောက်များများ ထုတ်လွှတ်လေပဲဖြစ်ပါတယ်။

ဥပမာ မြေပဲ၊ အခွံမာသီးအမျိုးမျိုး၊ ပန်းသီး၊ စပျစ်သီး စတဲ့ အစားအစာများ ရက်လွန်သွားတဲ့အခါ Mycotoxins လို့ခေါ်တဲ့ အဆိပ်အတောက်တစ်မျိုး တွယ်ကပ်နေတတ်ပါတယ်။ ထိုအဆိပ်အတောက်က ယားယံခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း စတဲ့ ကျန်းမာရေးပြဿနာများကို ကြုံတွေ့ခံစားရစေပါတယ်။

အထက်ဖော်ပြပါ ကျန်းမာရေး ပြဿနာများကို မခံစားရဖို့အတွက်ဆိုရင်တော့ မိမိရွေးချယ်ဝယ်ယူမယ့် အစားအစာကို သေချာရွေးချယ်သင့်ပါတယ်။ ကိုယ်ဝယ်ထားတဲ့ အသားငါးနဲ့ ဟင်းသီးဟင်းရွက်က လတ်ဆတ်မှုရှိရဲ့လား။ ဒီပေါင်မုန့်က ဘယ်နှရက်နေရင် ဒိတ်လွန်သွားမှာလဲ စတဲ့ အသေးအဖွဲလေးတွေကအစ သေသေချာချာဂရုစိုက်ပေးရမှာပဲဖြစ်ပါတယ်။

Source: livestrong.com