ဟင်းချက်တဲ့အခါ ဟင်းအနံ့လေးတွေ မွှေးနေစေဖို့အတွက် ကြက်သွန်ဖြူက ကူညီပေးနိုင်တဲ့အပြင် ကျန်းမာရေးအတွက်လည်း ကောင်းမွန်တာကြောင့် ကြက်သွန်ဖြူကို စူပါအစားအစာအဖြစ် တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။ ဒါတင်မကသေးပါဘူး အလှအပအတွက်ရော တစ်ကိုယ်ရည်သန့်ရှင်းရေအတွက်ပါ ကြက်သွန်ဖြူက အင်မတန်အသုံးတည့်ပါတယ်။

ကြက်သွန်ဖြူကို ဟင်းချက်ခြင်းအပြင် ဘယ်လိုနေရာတွေမှာ အသုံးတည့်သလဲဆိုတာကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

အရေပြား ပြဿနာများအတွက်

ကြက်သွန်ဖြူက ရောင်ရမ်းခြင်းကို သက်သာစေနိုင်တဲ့ Antioxidants တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေပြား ယားယံခြင်း၊ အနီစက်ထခြင်း၊ အဖုအပိမ့်များ ပေါက်ခြင်းတို့ ခံစားရပါက ကြက်သွန်ဖြူလေးနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ အရေပြားယားယံခြင်း သက်သာသွားပြီး အသားအရေက နဂိုအတိုင်း နူးညံ့ချောမွေ့သွားပါလိမ့်မယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

ဟင်းချက်တိုင်း ကြက်သွန်ဖြူကို မပါမဖြစ် ပါအောင် ထည့်ချက်ပါ။ ကြက်သွန်ဖြူက ကျန်းမာလှပတဲ့ ခန္ဓာကိုယ်အလေးချိန် ရရှိပိုင်ဆိုင်နိုင်အောင် ကူညီပေးပြီး နှလုံးကျန်းမာရေးကို အားကောင်းစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုလည်း တိုးမြှင့်ပေးပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူက ကင်ဆာရောဂါကို ခုခံကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိတို့ ပိုင်ဆိုင်ထားပါသေးတယ်။

ဆံကေသာကို ကျန်းမာသန်စွမ်းစေခြင်း

ဆံပင်ကျွတ်လို့ ဆံပင်အုံပါးသွားတဲ့သူတွေ ဆံပင်အရှည်နှေးတဲ့သူတွေအတွက် ကြက်သွန်ဖြူက ဆံကေသာ လျင်မြန်စွာ ရှည်လျားလာအောင် ကူညီပေးပါတယ်။ ကြက်သွန်ဖြူကို ဦးရေပြားပေါ်မှာ ပွတ်တိုက်ပေးခြင်းက သွေးစီးဆင်းမှုနှင့် သွေးလှည့်ပတ်မှုကို တိုးမြှင့်ပေးပြီး ဆံကေသာကို ကျန်းမာသန်စွမ်းလာအောင် စွမ်းဆောင်ပေးနိုင်တာကြောင့် သင့် အနေနဲ့ သံသယရှိတယ်ဆိုရင် စမ်းပြီး ပြုလုပ်ကြည့်လိုက်ပါ။

ဝက်ခြံများ

ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Antioxidants က ဝက်ခြံများကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်ပါတယ်။ သင့် အနေနဲ့ ဝက်ခြံပျောက်ချင်တယ်ဆိုရင် ဝက်ခြံပေါက်တဲ့နေရာပေါ်မှာ ကြက်သွန်ဖြူလေးနဲ့ ပွတ်တိုက်ပေးလိုက်ရုံပါပဲ။

အင်းဆက်ပိုးမွှားများကို သေစေနိုင်ခြင်း

ကြက်သွန်ဖြူက အင်းဆက်ပိုးမွှားများကို သေစေနိုင်တယ်ဆိုတာကိုရော သင် သိပြီးပါပြီလား။ ကြက်သွန်ဖြူကို ပါးပါးလှီးလိုက်ပါ (သို့) ဖျော်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။ ထို့နောက် ရေနွေးပူထည့်ထားသော ဖန်ပုလင်းထဲသို့ ထိုကြက်သွန်ဖြူများ ထည့်ပြီး တစ်ညခန့် ထားထားလိုက်ပါ။ နောက်တစ်နေ့ မိုးလင်းမှ ကြက်သွန်ဖြူရည်များကို စပရေးဘူးထဲ ပြောင်းထည့်လိုက်ပါ။ အင်းဆက်ပိုးမွှားတွေ အိမ်ထဲဝင်လာတိုင်း ထိုစပရေးရည်များဖြင့် ဖြန်းပေးလိုက်ပါ။ ပိုးကောင်တွေ ဝေးဝေးပြေးသွားပါလိမ့်မယ်။

Source: onegoodthingbyjillee.com