ဆံကေသာများ ထူထဲသန်စွမ်းပြီး အရှည်မြန်ဖို့အတွက် ဘယ်ခေါင်းလျှော်ရည်ပဲသုံးသုံး၊ ဘယ်ပျော့ဆေးပဲ ပြောင်းသုံးသုံး အချည်းနှီးပဲဖြစ်နေတယ်လို့ ခံစားနေရပါသလား။ ဒါဆိုရင်တော့ ဆံကေသာ ကျန်းမာသန်စွမ်းဖို့အတွက် ထိုထုတ်ကုန်တွေကိုပဲ အားကိုးနေလို့မရတော့ပါဘူး။ သင့်ရဲ့ စားသုံးမှု နည်းစနစ်တွေကိုလည်း ပြောင်းလဲဖို့ လိုအပ်နေပါပြီ။

ဆံပင်တွေ ကျွတ်သထက် ကျွတ်အောင်၊ ပါးသထက် ပါးသွားအောင် ဘယ်လိုအစားအစာတွေကို စားသုံးမိနေသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်လိုက်ရအောင်။

သင်က မကြာခဏ အရက်သောက်တတ်ပါသလား။ ဆေးလိပ် သောက်သူတစ်ယောက်လား။ ဒါမှမဟုတ် အသင့်စား အစားအစာတွေကို စွဲလမ်းနှစ်ခြိုက်သူတစ်ယောက်လား။ ဒီလိုအချက်တွေက သင့် ဆံကေသာ ပျက်စီးခြင်းရဲ့တရားခံတွေပါပဲ။

ဒါဆိုရင် ဆံကေသာ ပြန်လည်ကျန်းမာသန်စွမ်းအောင် ဘယ်လိုအစားအစာတွေ စားသုံးသင့်သလဲ။

အစေ့အဆံနှင့် အခွံမာသီးများ

အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ဖို့ရန်အတွက် နေလောင်ကာခရင်မ်တွေ လိမ်းသလို ဆံကေသာကိုလည်း ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ဖို့အတွက် ဗီတာမင်အီး ကြွယ်ဝစွာပါဝင်တဲ့ အစေ့အဆံနဲ့ အခွံမာသီးများ စားသုံးသင့်ပါတယ်။

သင့်ဆံကေသာကို နေလောင်ဒဏ်မှ ရာနှုန်းပြည့်ကာကွယ်နိုင်တဲ့အခါ ဆံကေသာက ပိုးသားလေးလို နူးညံ့တောက်ပြောင်နေပါလိမ့်မယ်။

မုန်လာဥနီ

မုန်လာဥနီက မျက်စိတစ်ခုတည်းအတွက် သဘာဝအားဆေးမဟုတ်ပါဘူး။ ဦးရေပြားနဲ့ ဆံကေသာအတွက်လည်း အားဆေးတစ်ခွက်ပါပဲ။ ဗီတာမင်အေ ကြွယ်ဝစွာပါဝင်တဲ့ မုန်လာဥနီက ဗောက်ထခြင်းမှ ကာကွယ်ပေးပြီး ဦးရေပြားကို အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။

မုန်လာဥနီ မကြိုက်ဘူးဆိုရင်တော့ ဗီတာမင်အေ ကြွယ်ဝစွာပါဝင်တဲ့ အခြားအစားအစာတွေဖြစ်တဲ့ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ မျောက်ဥ၊ တရုတ်ဆီးသီးတို့ကို အစားထိုး စားသုံးနိုင်ပါတယ်။

ဥအမျိုးမျိုး

သင့် ခန္ဓာကိုယ်က ဇင့်ဓာတ်၊ ဆာလဖာဓာတ်၊ သံဓာတ်နဲ့ ဆယ်လီနီယမ်ဓာတ် စတဲ့ အဓိကဒြပ်စင်လေးမျိုး ချို့တဲ့နေတဲ့အခါ ဆံပင် အလွန်အမင်းကျွတ်ခြင်း၊ ဦးရေပြားခြောက်သွေ့ကာ ဗောက်ထခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ဒါ့ကြောင့် ထိုဒြပ်စင်လေးမျိုးစလုံး ကြွယ်ဝစွာပါဝင်တဲ့ ကြက်ဥနှင့် ဥအမျိုးမျိုးကို နေ့စဉ်စားသုံးသင့်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်မှာ ဗီတာမင် B5 နဲ့ ကယ်လ်စီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ပုံမှန်စားသုံးပေးရုံနဲ့တင် ဆံကေသာကို ပြန်လည်ကျန်းမာလာစေပါတယ်။ ပိုမိုထူးခြားကောင်းမွန်တဲ့ရလာဒ်ကို ရရှိပိုင်ဆိုင်လိုတယ်ဆိုရင်တော့ ဒိန်ချဉ်အသုံးပြုကာ ဆံကေသာကို ပေါင်းတင်ပေးနိုင်ပါတယ်။

ပုစွန်

ဆံပင်အရှည်မြန်စေတဲ့ အစားအစာထဲမှာ ပုစွန်ကလည်း တစ်ခုအပါအဝင်ပါပဲ။ ဗီတာမင် B12 ၊ ဇင့်ဓာတ်နဲ့ သံဓာတ်တို့ ပါဝင်တဲ့ ပုစွန်ကို စားသုံးပေးခြင်းအားဖြင့် ဆံကေသာ ကျိုးကြေပျက်စီးခြင်းမှ ကာကွယ်နိုင်ပါတယ်။

ရေ

ရေသောက်နည်းခြင်းကလည်း သင့် ဦးရေပြား ခြောက်သွေ့ယားယံခြင်းရဲ့တရားခံပါပဲ။ ဦးရေပြားကို အစိုဓာတ် ထိန်းပေးဖို့ရန်အတွက် တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်မှ အများဆုံး ၁၃ ခွက်အထိ သောက်သုံးလိုက်ပါ။

စတော်ဘယ်ရီသီးများ၊ အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ် ကြွယ်ဝသော ငါးအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုး စားသုံးခြင်းအားဖြင့်လည်း သင့်ဆံကေသာအလှကို ထိန်းသိမ်းထားနိုင်ပါသေးတယ်။

Source: Stylecraze.com