အရွယ်ရောက်ပြီးသားလူတိုင်းမှာ စိတ်ဖိစီးမှုတွေ ကိုယ်စီကိုယ်စီ ရှိတတ်ကြပါတယ်။ ကျောင်းသား၊ ကျောင်းသူများလည်း ကျောင်းစာများကြောင့် စိတ်ဖိစီးရသလို လုပ်ငန်းခွင် ဝင်နေရသူများလည်း မိမိလုပ်ရတဲ့ လုပ်ငန်းကြောင့်သော်လည်းကောင်း၊ အခြားသော လူမှုရေးရာ၊ ငွေရေးကြေးရေး အခက်အခဲများကြောင့်သော်လည်းကောင်း စိတ်ဖိစီးမှုများ ခံစားရတတ်ပါတယ်။

ဒီလိုစိတ်ဖိစီးနေရခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ နှလုံးရောဂါနဲ့ စိတ်ကျရောဂါတို့ကို ခံစားရစေနိုင်ပါတယ်။ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ မခံစားရဖို့ရန်အတွက် စိတ်ဖိစီးမှုများ စုပုံမလာခင်ကတည်းက အမြစ်ပြတ်ချေမှုန်းသင့်ပါတယ်။

စိတ်ငြိမ်အောင် တရားထိုင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကိုယ်ရောစိတ်ပါ ပြန်လည်ကျန်းမာလာအောင် လေ့ကျင့်နိုင်သလို သင့်အနေနဲ့ အစားအစာ စားရတာ နှစ်သက်ခုံမင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာများကို များများစားပေးသင့်ပါတယ်။

ကင်ချီ

ကိုရီးယားအစားအစာတစ်မျိုးဖြစ်တဲ့ ကင်ချီက စိတ်ဖိစီးမှုနှင့် စိတ်ပူပန်မှုတို့ကို လျော့ချပေးနိုင်တယ်လို့ လူ ၇၁၀ ယောက်ကို စမ်းသပ်ထားတဲ့ စမ်းသပ်ချက်အရ သိရှိရပါတယ်။

ကြက်ဥနှင့် ဥအမျိုးမျိုး

ကြက်ဥနှင့် ဥအမျိုးမျိုးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် စိတ်ဖိစီးမှုဟော်မုန်းကို အလိုအလျောက် တုံ့ပြန်ပေးနိုင်စွမ်းရှိပါတယ်။

ယောက်သွား၊ ခုံးကောင်နှင့် ကရုကမာကောင်များ

အခွံမာရှိသော ရေသတ္တဝါတွေဖြစ်ကြတဲ့ ယောက်သွား၊ ခုံးကောင်နှင့် ကရုကမာကောင်တွေမှာ အမိုင်နိုအက်ဆစ်ဓာတ် မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် စိတ်ခံစားချက်ကောင်းမွန်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

နံနံပင်

နံနံပင်များများ စားသုံးပေးခြင်းကလည်း စိတ်ဖိစီးမှုများ၊ စိတ်ပူပန်မှုများကို လျော့ချပေးပြီး စိတ်ကျန်းမာရေးကို မြင့်တင်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူထဲမှာ ဆာလဖာဒြပ်ပေါင်းများ မြင့်မားစွာပါဝင်ပြီး ထိုဒြပ်ပေါင်းက စိတ်ဖိစီးမှုကို တိုက်ဖျက်ပေးကာ စိတ်ကျရောဂါရဲ့ ရှေ့ပြေးလက္ခဏာများ မခံစားရအောင် ကာကွယ်ပေးနိုင်ပါတယ်။

နေကြာစေ့

ဗီတာမင်အီး အရင်းအမြစ်တစ်ခုဖြစ်တဲ့ နေကြာစေ့ထဲမှာ စိတ်ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ပြည့်ဝဆီများ ပါဝင်တာကြောင့် စိတ်အပြောင်းအလဲ အတက်အကျမြန်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။

ကုလားပဲ

ကုလားပဲထဲမှာ စိတ်ဖိစီးမှုကို တိုက်ဖျက်ပေးနိုင်တဲ့ မဂ္ဂနီစီယမ်ဓာတ်၊ ပိုတက်စီဝမ်၊ ဗီတာမင်ဘီ၊ ဇင့်ဓာတ်၊ ဆယ်လီနီယမ်ဓာတ်၊ မဂ္ဂနိစ်နှင့် ကော့ပါးတို့ ပါဝင်ပါတယ်။

လူ အယောက် ၉၀၀၀ ကျော်အပေါ်မှာ ပြုလုပ်ထားတဲ့ လေ့လာချက်အရ စိတ်ဖိစီးမှုကို တိုက်ဖျက်ရာမှာ ပဲအမျိုးမျိုးစားသုံးခြင်းက ဓာတုပစ္စည်းများနဲ့ ပြုလုပ်ထားတဲ့ ကြာရှည်ခံအစားအစာများကို စားသုံးခြင်းထက် ပိုမိုအစွမ်းထက်တယ်ဆိုတာကို သိရှိရပါတယ်။

စိတ်ဖိစီးမှုကို တိုက်ဖျက်ဖို့အတွက် အထက်ဖော်ပြပါအစားအစာများကို စားသုံးနိုင်သလို Chamomile လက်ဖက်ရည်၊ ဘလူးဘယ်ရီသီးများ၊ ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ အိုမီဂါသရီး ဖက်တိအက်ဆစ် ကြွယ်ဝစွာပါဝင်သော ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ ငါးသေတ္တာငါးများကို စားသုံးပေးနိုင်ပါတယ်။

Source: Healthline.com