ကျွန်ုပ်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာများက ကျွန်ုပ်တို့ရဲ့အလှအပရေးရာအတွက် သဘာဝအဖော်မွန်တစ်လက်ဖြစ်တယ်ဆိုတာ စာဖတ်သူတို့ သိပြီးသားဖြစ်မှာပါ။

အစားအစာများကို သဘာဝအလှကုန်ပစ္စည်းအဖြစ် အသုံးပြုခြင်းက ဘေးထွက်ဆိုးကျိုးကိုလည်း စိုးရိမ်စရာမလိုသလို အပိုဝင်ငွေ မထွက်အောင်လည်း ကူညီပေးပါတယ်။

ဒါဆိုရင် ဘယ်လိုအစားအစာတွေကို အသားအရေအလှအပအတွက် အသုံးပြုနိုင်မလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်။

ကြက်ဥအကာ

ကြက်ဥအနှစ်ကို မုန့်ဖုတ်တဲ့အခါ အသုံးပြုတယ်ဆိုရင် ကြက်ဥအကာကိုတော့ မျက်နှာအလှအပအတွက် အသုံးပြုလိုက်ပါ။

အရင်ဦးဆုံး ကြက်ဥအကာကို မွှေခလောက်ပြီးနောက် ဆီစုပ်စက္ကူလေးကို ကြက်ဥအကာထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် မျက်နှာပေါ် ကပ်ထားကာ ခြောက်သွေ့တဲ့အထိ ထားထားပါ။ ၁၅ မိနစ်ခန့် ကြာပါက ရေနွေးနွေးဖြင့် မျက်နှာသစ်ပြီးနောက် မျက်နှာလိမ်းခရင်မ်လေး လိမ်းပေးလိုက်ပါ။

ကြက်ဥအကာဖြင့် ပေါင်းတင်ခြင်းက ချွေးပေါက်ပိတ်ဆို့ခြင်းမှ ကာကွယ်ပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။

အာလူး

မျက်နှာပေါ်ရှိ ဝက်ခြံနဲ့ အမဲစက်များကို ဖယ်ရှားရှင်းလင်းချင်ပြီး အသားအရေကို ဖြူစင်ဝင်းပချင်သူများအနေနဲ့ အာလူး အသုံးပြုနိုင်ပါတယ်။

အာလူးတစ်လုံးကို ပြုတ်ပြီးနောက် ခက်ရင်းဖြင့် ချေပစ်လိုက်ပါ။ ထို့နောက် နွားနို့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ အယ်လ်မွန်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့ အနှစ်ကို မျက်နှာပေါ် သုတ်လိမ်းပြီး မိနစ် ၂၀ ခန့် ပေါင်းတင်လိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက ရေနွေးနွေးဖြင့် မျက်နှာသစ်လိုက်ပါ။

တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးပါက ထူးခြားတဲ့ရလာဒ်ကို မြင်တွေ့ရပါလိမ့်မယ်။

ပျားရည်

မျက်နှာအသားအရေကို ရာနှုန်းပြည့် အာဟာရဓာတ် ဖြည့်တင်းချင်သူများအနေနဲ့ ပျားရည် အသုံးပြုပေးနိုင်ပါတယ်။

ပျားရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့်ကို သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံဖြင့် ရောနှောကာ မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်ခန့် ပေါင်းတင်ပြီးနောက်မှာတော့ ရေဖြင့် မျက်နှာသစ်ပေးလိုက်ပါ။

ဒီနည်းလမ်းလေးကို နေ့စဉ်အသုံးပြုပေးပါက သင့်အသားအရေက နူးညံ့ချောမွတ်သွားတာကို မြင်တွေ့ရပါလိမ့်မယ်။

စာဖတ်သူတို့လည်း မိမိအသားအရေအတွက် ဘယ်ပေါင်းတင်နည်းကို အသုံးပြုဖြစ်လဲဆိုတာ ပြောပြခဲ့ဦးနော်။

Source: Brightside.me