ဝမ်းချုပ်ခြင်းကို ခံစားရတဲ့ အဓိကအကြောင်းအရင်းနှစ်ချက်ကတော့ သင့်ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်နေလို့ (သို့) လုံလောက်တဲ့အမျှင်ဓာတ်များ မရရှိလို့ပဲဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ မိမိကိုယ်တိုင်ကပဲဖြစ်ဖြစ် မိမိပတ်ဝန်းကျင်က ချစ်သူခင်သူ တစ်ယောက်ယောက်ကပဲဖြစ်ဖြစ် ဝမ်းချုပ်ခြင်းဝေဒနာ ခံစားရတယ်ဆိုရင် အခုဖော်ပြပေးမယ့် အိမ်တွင်းဆေးနည်းများကိုသာ သတိရလိုက်ပါ။

သံပုယိုရည်နှင့် ပျားရည် ရောသောက်ပါ

ရေတစ်ဖန်ခွက်ထဲသို့ ပျားရည်နှင့် သံပုယိုရည်ကို ရောသောက်မယ်ဆိုရင် အစာချေစနစ်ကို လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့်ဝမ်းမှန်စေမှာပဲဖြစ်ပါတယ်။

ရေများများသောက်ပါ

အမျိုးသားတစ်ဦးအနေနဲ့ တစ်နေ့ကို အနည်းဆုံး ရေ ၃.၇ လီတာခန့် သောက်သုံးသင့်ပြီး အမျိုးသမီးတစ်ဦးအနေနဲ့ကတော့ တစ်နေ့ကို ၂.၇ လီတာ သောက်သုံးသင့်ပါတယ်။ ရေအစား အခြားသစ်သီးဖျော်ရည်များ သောက်သုံးပေးမယ်ဆိုရင်လည်း ဝမ်းချုပ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ဆိုဒါအချိုရည်များ၊ ကာဖိန်းဓာတ်ပါဝင်တဲ့ဖျော်ရည်များကတော့ သင့်ကို ရေဓာတ်ခမ်းခြောက်စေတာကြောင့် ဝမ်းချုပ်စေမှာဖြစ်ပြီး လုံးဝမသောက်သုံးသင့်တဲ့အရည်ထဲမှာ ပါဝင်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ များများစားသုံးပေးပါ

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ပဲပင်ပေါက်၊ ပန်းသီး၊ ရွှေဖရုံသီး၊ နေကြာစေ့၊ နှမ်းစေ့ စတဲ့ အစားအစာများကို တစ်နေ့လျှင် အနည်းဆုံး ၂၀ ဂရမ်၊ ၃၅ ဂရမ်ခန့် စားသုံးသင့်ပါတယ်။ ဒါဆိုရင်တော့ ဝမ်းချုပ်ခြင်းမှ ကင်းဝေးပြီး ဝမ်းမှန်စေမှာပဲဖြစ်ပါတယ်။

ဒိန်ချဉ်စားသုံးပေးပါ

ဝမ်းချုပ်နေသူများအနေနဲ့ နို့နှင့် နို့ထွက်ပစ္စည်းများကို ဝေးဝေးရှောင်ကြဉ်သင့်တယ်ဆိုပေမယ့် ဒိန်ချဉ်ကိုတော့ ချွင်းချက်အနေနဲ့ စားသုံးပေးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒိန်ချဉ်ထဲမှာပါဝင်တဲ့ ပရိုဘိုင်အိုတစ်က အူလမ်းကြောင်းကို ကောင်းမွန်စေပြီး ဝမ်းသွားအောင် ကူညီပေးမှာကြောင့်ပဲဖြစ်ပါတယ်။

Source: Brightside.me