သံပုယိုသီးက ကျန်းမာရေးအတွက်သာမက အသားအရေအလှအပနဲ့ ဆံကေသာအလှအပအတွက်လည်း ကောင်းကျိုးအမြှောက်အမြှားပေးစွမ်းနိုင်တဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။ မနက်ခင်းနိုးထလာချိန်မှာ သံပုယိုသီးဖျော်ရည်ကို သောက်သုံးပေးမယ်ဆိုရင် တနေကုန် တက်ကြွလန်းဆန်းနေမှာပဲ ဖြစ်ပါတယ်။

သံပုရာသီးဖျော်ရည်သောက်သုံးခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးများကတော့…

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

သံပုယိုသီးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဗီတာမင်စီက ပြင်ပမှ ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားပိုးမွှားများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် မလာအောင် ကူညီပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါ့ကြောင့် သံပုယိုရည်မှန်မှန်သောက်သုံးတဲ့သူတွေက မကြာခဏနာမကျန်းဖြစ်ခြင်းမှ ကင်းဝေးကြပါတယ်။

အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

အစာမကြေခြင်းအတွက် အကောင်းဆုံးဆေးစွမ်းကောင်းတစ်လက်ကတော့ သံပုယိုရည်ပဲဖြစ်ပါတယ်။ သံပုယိုရည်ကို ရေနွေးနွေးလေးနဲ့ နေ့စဉ် သောက်သုံးပေးလိုက်မယ်ဆိုရင် အစာမကြေဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းတို့ကို သက်သာစေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဝမ်းပျက်ဝမ်းလျောခြင်း၊ ဝမ်းချုပ်ခြင်းတို့ကိုလည်း သက်သာစေပါတယ်။

ကိုယ်အလေးချိန် လျော့ချပေးခြင်း

ကိုယ်အလေးချိန် ကျချင်သူများအနေနဲ့ သံပုယိုရည်ကို ရေအေးနဲ့ဖျော်သောက်မယ့်အစား ရေနွေးနွေးလေးနဲ့ ဖျော်သောက်ပေးခြင်းက ပိုမိုအစွမ်းထက် ပါတယ်။ ဝိတ်မြန်မြန်ကျချင်တယ်ဆိုရင်တော့ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထပ်ထည့်ပေးနိုင်ပါတယ်။

ခံတွင်းအနံ့ကောင်းမွန်စေခြင်း

သွားဖုံးသွေးထွက်ခြင်း၊ ခံတွင်းအနံ့ နံခြင်းတို့မှ သက်သာပျောက်ကင်းချင်တယ်ဆိုရင် သံပုယိုရည်ကို နေ့စဉ်မှန်မှန်သောက်သုံးပေးနိုင်ပါတယ်။

အသားအရေကို ကြည်လင်ဝင်းပစေခြင်းနဲ့ အမာရွတ်များကို သက်သာစေခြင်း

သံပုယိုရည် သောက်သုံးခြင်းက ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့် အသားအရေက ကြည်လင်ဝင်းပပြီး အမြဲတမ်း အရွယ်တင်နုပျိုနေမှာပဲဖြစ်ပါတယ်။ မနက်မိုးလင်းပြီး မနက်စာမစားခင်မှာ သံပုယိုရည်သောက်သုံးပေးခြင်းက ဝက်ခြံနဲ့ အမဲစက်များကို ဖယ်ရှားပေးပါလိမ့်မယ်။

Source: Stylecraze.com