သင်က အခုမှ မီးဖိုချောင်ထဲ ဝင်မယ့် စားဖိုမှူး လက်သစ်လေးလား။ ဒါမှမဟုတ် ကျွမ်းကျင်စားဖိုမှူးတွေလိုမျိုး ကြက်သွန်နီကို စက္ကန့်ပိုင်းအတွင်း အလျင်အမြန်လှီးဖြတ်နိုင်တဲ့သူလား။ ဝါနုစားဖိုမှူးပဲဖြစ်ဖြစ် ဝါရင့်စားဖိုမှူးပဲဖြြစ်ဖစ် မီးဖိုချောင်ဝင်တဲ့အခါ အထောက်အကူဖြစ်စေမယ့် နည်းလမ်းအသွယ်သွယ်ကိုတော့ ဗဟုသုတအနေနဲ့ သိထားဖို့လိုမယ်နော်။

ဒါဆိုရင် ဘယ်လိုနည်းလမ်းတွေက မီးဖိုချောင်ဝင်တဲ့အခါ အသုံးတည့်မလဲဆိုတာကို ဟင်းချက်ဝါသနာပါသူများအတွက် ဝေမျှပေးလိုက်ရပါတယ်။

ဟင်းသီးဟင်းရွက်များကို အချိန်အကြာကြီး လတ်လတ်ဆတ်ဆတ်အထားခံချင်တယ်ဆိုရင်

ညှိုးနွမ်းခြောက်သွေ့သွားတဲ့ ဟင်းရွက်တွေကို ကြည့်ပြီး ဝမ်းနည်းရတာလောက် ဝမ်းနည်းစရာကောင်းတာမရှိပါဘူး။ ပလပ်စတစ်ဘူးထဲတွင် အသားမာသော တစ်သျှူးစက္ကူများ ခံထည့်ထားလိုက်ပါ။ ထို့နောက် ဟင်းသီးဟင်းရွက်များထည့်ကာ တစ်သျှူးစက္ကူဖြင့် ပြန်ပတ်ထားပေးလိုက်ပါ။ ထိုတစ်သျှူးစက္ကူက ဟင်းရွက်များကို အစိုဓာတ်အပြည့်အဝရအောင် ထိန်းပေးထားမှာဖြစ်ပြီး ပလပ်စတစ်ဘူးကတော့ ဟင်းရွက်များ မကျိုးကြေသွားအောင် ကူညီပေးပါလိမ့်မယ်။

ဆင်းဒဝှစ်ချ် လုပ်စားဖို့အတွက် မိရောနိစ် ကုန်သွားတဲ့အခါ

ကြက်ဥအနှစ်တစ်လုံးကို သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း (သို့) ၂ ဇွန်းဖြင့် သမအောင် မွှေခလောက်လိုက်ပါ။ ထို့နောက် သံလွင်ဆီ အနည်းငယ်ထည့်ကာ ထပ်မံမွှေခလောက်ပါ။ ဆားအနည်းငယ်၊ ရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ မွှေပေးလိုက်မယ်ဆိုရင် အိမ်လုပ် သဘာဝ မိရောနိစ်လေး ရရှိသွားပါပြီ။

ထောပတ်သီးများ အမှည့်မြန်ချင်တယ်ဆိုရင်

ထောပတ်သီးများကို စက္ကူအိတ်ထဲထည့်ကာ အလုံပိတ်ထားလိုက်ပါ။ ဒါဆိုရင် ရက်အတော်ကြာတဲ့အခါ မှည့်သွားပါပြီ။ တကယ်လို့ ညတွင်းချင်း မှည့်ချင်တယ်ဆိုရင်တော့ ပန်းသီး (သို့) ငှက်ပျောသီးကို ထောပတ်သီးနဲ့အတူတူ ရောထည့်ထားလိုက်ပါ။ ဒါဆိုရင် မနက်ရောက်တဲ့အခါ ထောပတ်သီးမှည့်ကို စားသုံးလို့ရပြီပေါ့။

သံပုယိုသီးပေါ်မှာ ငါးကင်ပါ

မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ငါးကင်လုပ်စားတဲ့အခါ ငါးကင်က တူးနံ့တွေ ထွက်နေလို့ စိတ်မညစ်လိုက်ပါနဲ့။ ငါးနဲ့ အကင်မီးဖိုကြားထဲမှာ သံပုယိုသီး ခံထားလိုက်မယ်ဆိုရင် သင့်ရဲ့ငါးကင်က သံပုယိုသီးရနံ့လေး စိမ့်ဝင်ပြီး မွှေးပျံ့နေမှာပဲဖြစ်ပါတယ်။

ဝိုင်နှင့် ဘီယာတို့ကို မြန်မြန်အေးခံချင်တယ်ဆိုရင်

တကယ်လို့ သင်က ဝိုင်ဖြူ သောက်သုံးရတာကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဖန်ခွက်ထဲ ဝိုင်ထည့်ပြီးနောက် အအေးခံထားပြီးသား စပျစ်သီး (သို့) ဘလူးဘယ်ရီသီးများ ထည့်ထားလိုက်ပါ။ ဒါဆိုရင် သင့်ရဲ့ဝိုင်က အမြန်အေးသွားပါပြီ။

တကယ်လို့ ဘီယာဘူးတွေ ဘီယာပုလင်းတွေကို အမြန်အေးချင်တယ်ဆိုရင်တော့ ဘီယာဘူးကို တစ်သျှူးစက္ကူဖြင့် ပတ်ထားလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာအအေးခန်းထဲ ၁၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။ တစ်သျှူးစက္ကူက ဘူးရဲ့အနွေးဓာတ်ကို မြန်မြန်စုပ်ယူကာ အအေးဓာတ်ကို ပေးစွမ်းနိုင်တယ်။

Source: Mentalfloss.com