ကြက်သွန်ဖြူ၊ ကြက်သွန်နီစားသုံးခြင်းက ကျန်းမာရေးအတွက် များစွာအကျိုးပြုတဲ့အပြင် ဟင်းလျာများပြင်ဆင်ချက်ပြုတ်တဲ့အခါ မရှိမဖြစ် အသုံးပြုကြတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ ကောင်းကျိုးအမြောက်အမြားပေးစွမ်းတယ်ဆိုပေမယ့် ဆိုးကျိုးတစ်ခုတော့ ရှိပါသေးတယ်။

ထိုဆိုးကျိုးကတော့ ခံတွင်းနံ့ နံခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ခံတွင်းနံ့ နံခြင်းကို ဖယ်ရှားပေးမယ့် သဘာဝနည်းလမ်းကောင်းလေးတွေ ရှိပါတယ်။

မုန့်ဖုတ်ဆိုဒါ

လိုအပ်မယ့်ပစ္စည်းတွေကတော့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းခန့်နှင့် ရေနွေးနွေးလေး ၂၅၀ မီလီလီတာခန့်တို့ပဲဖြစ်ပါတယ်။

ရေနွေးနွေးလေးထဲသို့ မုန့်ဖုတ်ဆိုဒါလေး ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့အရည်ဖြင့် ပလုတ်ကျင်းပေးလိုက်ပါ။

သံပုယိုရည်

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေနွေးနွေး ၂၅၀ မီလီလီတာခန့်တို့ လိုအပ်ပါလိမ့်မယ်။ ရေနွေးထဲသို့ သံပုယိုရည်ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ရရှိလာတဲ့ သံပုယိုရည်ဖြင့် ပလုတ်ကျင်းပေးမယ်ဆိုရင် ခံတွင်းနံ့ နံတာတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။

နွားနို့သောက်ပါ

နွားနို့ထဲမှာ ပါဝင်တဲ့ ရေဓာတ်နဲ့ သဘာဝအဆီဓာတ်များက ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ရဲ့အနံ့များကို ပျောက်ကင်းအောင် ကူညီပေးနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားကြပါတယ်။

ပီကေဝါးပါ

နေ့လည်စာ၊ ညနေစာတွေကို အပြင်မှာ စားမိလို့ အထက်ဖော်ပြခဲ့တဲ့နည်းလမ်းတွေကို အလွယ်တကူမပြုလုပ်နိုင်ဘူးဆိုရင်တော့ ပီကေရဲ့အကူအညီကို ရယူလိုက်ပါ။ အချိုဓာတ်များသော ပီကေများကို ရှောင်ကြဉ်ပြီး ပူရှိန်းပီကေများကို ဦးစားပေးစားသုံးနိုင်ပါတယ်။

ပန်းသီး

ကြက်သွန်ဖြူ၊ ကြက်သွန်နီ စားပြီးလို့ ခံတွင်းနံ့ နံနေတယ်ဆိုရင် ပန်းသီးစိတ်အနည်းငယ် စားသုံးပေးနိုင်ပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ ဆာလဖာဓာတ်ကို ဓာတ်ပြယ်စေတဲ့ အစွမ်းသတ္တိများ ပန်းသီးထဲမှာ ပါဝင်ပါတယ်။

Source: Stylecraze.com