နာတာရှည်ရောဂါတစ်မျိုးဖြစ်တဲ့ သွေးတိုးရောဂါ ခံစားရသူတစ်ယောက်အဖို့ အခြားသူများထက်စာရင် အစားအစာ စားသောက်မှုကို ဆင်ခြင်ဖို့လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေကို မစားသုံးဘဲ မိမိစိတ်ဆန္ဒအတိုင်း စားသုံးမယ်ဆိုပါက သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ အခြားကျန်းမာရေးပြဿနာများ ခံစားရနိုင်ပါတယ်။

ဒါဆိုရင် မကြာခဏသွေးမတိုးအောင်၊ ကျန်းမာရေးနဲ့ ညီညွှတ်အောင်၊ သွေးပေါင်ချိန်မှန်အောင် ဘယ်လိုအစားအစာတွေကို စားသုံးသင့်သလဲ။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

ဆလပ်ရွက်၊ ကိုက်လန်ရွက်၊ ဟင်းနုနွယ်ရွက် အစရှိတဲ့ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို နေ့စဉ်မှန်မှန်စားသုံးပေးသင့်ပါတယ်။ ထိုဟင်းသီးဟင်းရွက်တွေကို နွားနို့နဲ့ပဲဖြစ်ဖြစ် ငှက်ပျောသီးနဲ့ပဲဖြစ်ဖြစ် တွဲဖက်ဖျော်သောက်ပေးပါက သွေးပေါင်ချိန်ကို မှန်ကန်စေမှာပဲဖြစ်ပါတယ်။

ဘယ်ရီသီးများ

စတော်ဘယ်ရီသီးများ၊ ရက်စ်ဘယ်ရီသီးများ၊ ဘလူးဘယ်ရီသီးများကို မနက်စာအဖြစ်စားသုံးပေးခြင်းက အလုပ်ရှုပ်လည်း သက်သာသလို ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ အထူးသဖြင့် ဘလူးဘယ်ရီသီးထဲမှာဆိုရင် Flavonoids လို့ခေါ်တဲ့ သဘာဝဒြပ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ထိုသဘာဝဒြပ်ပေါင်းက သွေးတိုးရောဂါ ခံစားရနိုင်ခြေကို လျော့နည်းစေပြီး သွေးပေါင်ချိန်ကို မှန်ကန်စေတယ်လို့ သိရှိရပါတယ်။

ငှက်ပျောသီး

ပိုတက်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို စားသုံးခြင်းက ဖြည့်စွက်စာများ၊ ဆေးဝါးများ မှီဝဲခြင်းထက် ပိုမိုကောင်းမွန်ပါတယ်။ ဒါ့ကြောင့် ပိုက်တက်စီယမ်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးကို နေ့စဉ်မှန်မှန်စားသုံးပေးသင့်ပါတယ်။ မနက်စာအဖြစ် (သို့မဟုတ်) အဆာပြေ စားချင်တယ်ဆိုရင်တော့ ငှက်ပျောသီးကို ကြက်ဥပြုတ်နဲ့ တွဲဖက်စားသုံးပေးလိုက်ပါ။

ဆော်လမွန်ငါး၊ မက်ကရယ်ငါးနှင့် အိုမီဂါသရီးဓာတ် ကြွယ်ဝသော ငါးများ

Salmon

ပရိုတင်းဓာတ် အရင်းအမြစ်ကို ငါးစားသုံးခြင်းမှ ရရှိနိုင်ပါတယ်။ မက်ကရယ်ငါး၊ ဆော်လမွန်ငါးကဲ့သို့ ငါးတွေက သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့ အိုမီဂါသရီး ဖက်တိအက်ဆစ်များ ပါဝင်ခြင်းကြောင့် ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အချို့ရေချိုငါးတွေက သွေးပေါင်ချိန်ကို လျော့နည်းစေတဲ့ ဗီတာမင်ဒီဓာတ်လည်း ပါဝင်ပါတယ်။

ကြက်သွန်ဖြူနှင့် ဆေးဖက်ဝင် အရွက်များ

လေ့လာတွေ့ရှိချက်အရ ကြက်သွန်ဖြူက ခန္ဓာကိုယ်ရှိ နိုက်ထရစ်အောက်ဆိုဒ် ပါဝင်မှုကို တိုးမြှင့်ပေးကာ သွေးတိုးခြင်းမှ ကာကွယ်ပေးတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် သင့်မှ သွေးတိုးရောဂါရှိတယ်ဆိုရင် ကြက်သွန်ဖြူ၊ ပူစီနံ၊ သစ်ကြမ်းပိုးခေါက် စတဲ့ အစားအစာတွေကို နေ့စဉ်မှန်မှန်စားသုံးပေးသင့်ပါတယ်။

Source: Healthline.com