အစားအစာများကို မိမိစိတ်တိုင်းကြိုက် စားချင်ပေမယ့် စားသလောက် ဝိတ်မတက်ချင်တာကတော့ လူတိုင်းရဲ့ စိတ်ကူးအိပ်မက်တစ်ခုပဲဖြစ်ပါတယ်။ တချို့က ဝိတ်ကျချင်တဲ့စိတ်တစ်ခုတည်းနဲ့ မိမိကြိုက်နှစ်သက်တဲ့အစားအစာတွေကို စွန့်လွှတ်ပစ်လိုက်ကြပါတယ်။ စာဖတ်သူရော မိမိကြိုက်တဲ့အစားအစာတွေကို လုံးဝမစားဘဲ နေနေရပြီလား။

အခုဖော်ပြပေးမယ့် အစားအစာထဲမှာ စာဖတ်သူတို့ ကြိုက်တဲ့အစားအစာလေးတွေ ပါ မပါ ဆက်လေ့လာကြည့်လိုက်ရအောင်။ ဒီအစားအစာလေးတွေက သင့်ကို ဝိတ်မတက်စေတဲ့အတွက်ကြောင့် စိတ်ချလက်ချစားသုံးနိုင်ပါတယ်။

အာလူးပြုတ်

အာလူးမှာ ကာဘိုဟိုက်ဒြိုက်ဓာတ် ပါဝင်မှုများတဲ့အတွက်ကြောင့် လူအများစုက ရှောင်ကြဉ်လေ့ရှိကြပါတယ်။ အာလူးကို ကြော်မစားသ၍တော့ အာလူးက သင့်ကို အာဟာရဓာတ်များများ ပေးစွမ်းမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အာလူးမှာ ပါဝင်တဲ့ ကစီဓာတ်က ပျော်ဝင်အမျှင်ဓာတ်အဖြစ် စွမ်းဆောင်နိုင်တာကြောင့် စားသုံးလိုက်တဲ့အခါ ကယ်လိုရီနည်းနည်းနဲ့ ဗိုက်ပြည့်မြန်စေမှာပဲဖြစ်ပါတယ်။

ကြက်ဥ

ကြက်ဥများ၊ အထူးသဖြင့် ကြက်ဥအနှစ်တွေက နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချပေးနိုင်တဲ့အစွမ်းသတ္တိ ပိုင်ဆိုင်ထားပါတယ်။ ဒါ့ကြောင့် မနက်စောစောမှာ ကြက်ဥကို မနက်စာအဖြစ် စားသုံးပေးမယ်ဆိုရင် အာဟာရပြည့်ယတဲ့အပြင် ကိုယ်အလေးချိန်လည်း လျော့ချပေးမှာပဲဖြစ်ပါတယ်။

ကြက်စွပ်ပြုတ်၊ အမဲစွပ်ပြုတ် စတဲ့ စွပ်ပြုတ်ဟင်းရည်များ

ထမင်းစားတဲ့အခါ စွပ်ပြုတ်ဟင်းရည် သောက်သုံးပေးခြင်းက သင့်ကို ဗိုက်ပြည့်မြန်စေပြီး အစားအစာ အလွန်အကျွံ မစားသုံးမိအောင် ကာကွယ်ပေးမှာပဲဖြစ်ပါတယ်။

ပန်းသီး

ပန်းသီးတစ်စိတ်မှာ ရေဓာတ် ၈၅ ရာခိုင်နှုန်းပါဝင်တာကြောင့် ကယ်လိုရီပါဝင်မှု နည်းနည်းနဲ့ သင့်ကို ဗိုက်ပြည့်စေမှာပဲဖြစ်ပါတယ်။ လေ့လာချက်များအရ ပန်းသီးဖျော်ရည်ကို ထမင်းမစားခင်မှာ စားသုံးပေးမယ်ဆိုရင် ဝိတ်ကျမြန်စေတယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ တကယ်လို့ ပန်းသီးချည်းပဲ နေ့တိုင်းစားရတာ ငြီးငွေ့လာပြီဆိုရင်တော့ လိမ္မော်သီး၊ Grapefruit သီးကဲ့သို့ အချဉ်ဓာတ်ကြွယ်ဝတဲ့ သစ်သီးများကို ပြောင်းလဲစားသုံးပေးနိုင်ပါတယ်။

အသား ငါးများ

ငါး၊ ကြက်သား၊ ဝက်သားနဲ့ အမဲသား စတဲ့ အသားငါးတွေထဲမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသားငါးများကို နေ့လည်စာ စားတဲ့အခါ စားသုံးမယ်ဆိုရင် ကယ်လိုရီဓာတ်ကို ၁၂ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။

Source : fitnessengage.com