နှာစေးခြင်း၊ လည်ချောင်း ယားယံခြင်း၊ အဆက်မပြတ်နှာချေခြင်းတို့ကို ကြုံတွေ့ခံစားနေရပါသလား။ ဒါဆိုရင်တော့ သင်ဟာ ရာသီတုပ်ကွေးကို ခံစားနေရတာပဲဖြစ်ပါတယ်။ ထိုကဲ့သို့ ဖျားနာပြီး နာမကျန်းဖြစ်နေချိန်မှာ အစားစားချင်စိတ် ကုန်ဆုံးနေမှာဖြစ်ပေမယ့် အစာ တစ်ခုခုတော့ မဖြစ်မနေ စားပေးရမှာပါပဲ။

မှန်ကန်တဲ့အစားအစာတွေက သင့်ရဲ့ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပြီး ခံစားရတဲ့ ရောဂါဝေဒနာများကို မြန်မြန်ဆန်ဆန် သက်သာပျောက်ကင်း စေပါလိမ့်မယ်။

ဒါဆိုရင် အအေးမိဖျားနာစဉ်မှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်သင့်သလဲ။ ဘယ်လိုအစားအစာတွေကို စားသုံးသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ရှောင်ကြဉ်သင့်တဲ့အစားအစာများ

စတော်ဘယ်ရီသီးများ

စတော်ဘယ်ရီသီးက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့သစ်သီးတစ်မျိုးဖြစ်ပေမယ့် ဖျားနာနေစဉ်အတောအတွင်းမှာတော့ ရှောင်ကြဉ်သင့်ပါတယ်။ အကယ်၍ စားသုံးမိပါက ကိုယ်လက်မအီမသာဝေဒနာကို ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။

ချိုသော အစားအစာများ

ဖျားနာချိန်မှာ သင့်ခန္ဓာကိုယ်က မလိုအပ်ဆုံးသော အာဟာရဓာတ်က သကြားဓာတ်ပဲဖြစ်ပါတယ်။ ထိုအချိန်မှာ သကြားဓာတ် စားသုံးမိပါက ကိုယ်ခံစွမ်းအား ပိုနည်းသွားနိုင်ပြီး သွေးဖြူဥရဲ့စွမ်းဆောင်ရည်ကလည်း ကျဆင်းသွားတတ်ပါတယ်။

တာရှည်ခံ အစားအစာများ

တာရှည်ခံအစားအစာတွေထဲမှာ ဆား၊ သကြားနှင့် အဆီဓာတ်တို့ မြှင့်မားစွာပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ် ယောင်ယမ်းမှုကို ဖြစ်ပေါ်စေပြီး အနာကျက်နိုင်စွမ်းကို နှေးကွေးစေပါတယ်။

ဆားရေစိမ်ထားသော အစားအစာများ

ဆားရေစိမ်ထားသော အစားအစာတွေထဲမှာ ရှာလကာရည်နှင့် ဆားတို့ များပြားစွာ ပါဝင်ပါတယ်။ နေမကောင်းဖြစ်နေချိန်တွင် စားသုံးမိပါက လည်ချောင်းနာခြင်း၊ လည်ချောင်း ယောင်ယမ်းခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

ကြွပ်ရွသော အစားအစာများ

အာလူးကြော်များ၊ သွားရေစာမုန့်တွေက သင့်ရဲ့လည်ချောင်းကို ပိုမိုယားယံစေမှာဖြစ်ပြီး သင် ခံစားနေရတဲ့ ဝေဒနာများကို ရှည်ကြာစေပါလိမ့်မယ်။

အအေးမိ ဖျားနာနေစဉ် စားသုံးသင့်တဲ့ အစားအစာများ

ကြက်စွပ်ပြုတ်

ကြက်စွပ်ပြုတ်က အအေးမိခြင်းကို သက်သာစေပြီး သင့်ကို အာဟာရပြည့်ဝအောင် ရေဓာတ်ပြည့်ဝနေအောင် ကူညီပေးနိုင်ပါတယ်။

ငရုတ်သီး

ငရုတ်သီးအစပ် စားသုံးပေးခြင်းအားဖြင့် ချွဲသလိပ်များကို ကင်းစင်စေပြီး ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်းပိတ်ခြင်းတို့ကို သက်သာစေပါတယ်။

ဂျင်းပြုတ်ရည်

ဂျင်းပြုတ်ရည်ကတော့ အစွမ်းအထက်ဆုံး သဘာဝဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ လည်ချောင်းယားယံခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့ကို သက်သာစေပါတယ်။

မှို

မှိုတွေက အရသာရှိရုံမကဘဲ ကိုယ်ခံစွမ်းအားကို မြှင့်တင့်ပေးပြီး အာဟာရဓာတ် ကြွယ်ဝတဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။ အအေးမိဖျားနာဝေဒနာကို တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိလည်း ပါဝင်ပါတယ်။

Source: Brightside.me