ဈေးထဲမှာရောင်းချနေပြီး လူအများစု အမြဲနီးပါးစားလေ့ရှိတဲ့ အသီးအရွက်တွေထဲမှာ မုန်လာဥဖြူတွေကလည်း တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ ဟင်းရည်အနေနဲ့ချက်မလား၊ သုပ်စားမလား၊ အချဥ်ပဲဖောက်စားအုံးမလား ပုံစံမျိုးစုံ ကိုယ်ကြိုက်နှစ်သက်ရာ လုပ်စားလို့ရပါတယ်။

ဒီလိုမျိုး ဝယ်ယူစားသုံးလေ့ရှိတဲ့ မုန်လာဥဖြူက သင့်ကျန်းမာရေးအတွက် ကောင်းကျိုးတွေပေးစွမ်းနိုင်ဆိုတာကိုရော သင်သိပြီးပါပြီလား။ မသိသေးဘူးဆိုရင် ဗဟုသုတအနေနဲ့လည်းဖြစ်အောင် အခုပဲဖတ်ကြည့်လိုက်ပါ။

၁။ အစာခြေစနစ်ကောင်းမွန်စေခြင်း

မုန်လာဥဖြူမှာ အစာခြေစနစ်နဲ့ပတ်သက်တဲ့ ပြဿနာများကို ဖြေရှင်းပေးနိုင်မယ့် Dietary Fibre အပြည့်အဝပါဝင်နေပါတယ်။ သင့်တင့်တဲ့ပမာဏကို နေ့စဥ်စားပေးမယ်ဆိုပါက သင့်ခန္ဓာကိုယ်ရဲ့ ကျင်ကြီးစွန့်ထုတ်မှုကို ချောမွေ့စေမှာဖြစ်တာကြောင့် ဝမ်းချုပ်တဲ့ဝေဒနာမှ ကင်းဝေးတော့မှာပါ။

၂။ ချောင်းဆိုး၊ ဖျားနာတို့ကို တိုက်ထုတ်ပေးခြင်း

ဆောင်းရာသီလိုအချိန်မျိုးမှာ ကြုံတွေ့ရလေ့ရှိတဲ့ အအေးမိ၊ ချောင်းဆိုးတို့ကို တိုက်ထုတ်ဖို့အတွက် မုန်လာဥဖြူမှာ Anti-Congestive ဂုဏ်သတ္တိများပါဝင်တာကြောင့် သင့်လည်ပင်းနှင့် အသက်ရှူလမ်းကြောင်းအတွင်းရှိ ချွဲ၊ သလိပ်၊ နှာရည်တို့ကို ရှင်းလင်းပေးနိုင်ပါတယ်။

၃။ ကိုယ်ခံအားမြှင့်တင်ပေးခြင်း

ဗီတာမင်အေ၊ စီ၊ အီး၊ ဘီစစ်၊ ပိုတက်စီယမ်နှင့် အခြားသတ္တုဓာတ်များပါဝင်သေးတဲ့ မုန်လာဥက သင့်ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးအတွက်လည်း အတော်သင့်တော်ကောင်းမွန်တဲ့ Antioxidants နှင့် Anthocyanins တို့လည်း မြင့်မားစွာပါဝင်သေးသည့်အတွက် မှန်မှန်စားသုံးပေးမယ်ဆိုပါက ရေရှည်မှာ အကျိုးကျေးဇူးအများကြီးရရှိနိုင်မှာဖြစ်ပါတယ်။

၄။ သွေးပေါင်ချိန်ပုံမှန်ထိန်းပေးခြင်း

ပိုတက်စီယမ်ကြွယ်ဝတဲ့ မုန်လာဥဖြူဟာ ကိုယ်တွင်းရှိ ဆိုဒီယမ်−ပိုတက်စီယမ် ပမာဏကို ထိန်းသိမ်းပေးခြင်းအားဖြင့် သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေပါတယ်။ Anti-hypertensive ဂုဏ်သတ္တိပါဝင်ခြင်းကြောင့်လည်း ဆောင်းရာသီလိုအချိန်မှာ သေချာမထိန်းသိမ်းမိပါက ဆိုးရွားလာနိုင်တဲ့ သွေးပေါင်တက်ခြင်းကို ရှောင်ကြဥ်နိုင်ဖို့ မုန်လာဥဖြူကို များများစားပေးပါ။

၅။ အသားအရေလှစေခြင်း

အထက်မှာဖော်ပြခဲ့တဲ့ ဗီတာမင်တွေအပြင် ဖော့စဖောရပ်စ်နှင့် ဇင့်တို့လည်း မုန်လာဥဖြူမှာပါဝင်ပါသေးတယ်။ အကုန်လုံးကိုပေါင်းစပ်လိုက်တဲ့အခါမှာ အသားအရေမှာဖြစ်ပေါ်လေ့ရှိတဲ့ ခြောက်သွေ့ခြင်း၊ နီရဲခြင်းနှင့် အဖုအပိမ့်များထွက်လာခြင်းတို့ကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ပါဝင်မှုလည်း မြင့်မားသည့်အတွက် ခန္ဓာကိုယ်ကိုသဘာဝအတိုင်း ရေဓာတ်ဖြည့်တင်းပေးမှာပါ။