နီနီရဲရဲနဲ့ အရည်ရွမ်းတဲ့ခရမ်းချဉ်သီးက ချက်ပြုတ်ပြီးမှ စားသုံးနိုင်သလို မချက်ပြုတ်ဘဲ သူ့အတိုင်း ကိုက်စားမယ်ဆိုရင်လည်း ကျန်းမာရေးကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။ ဒီလိုနည်းလမ်း (၂) မျိုးနဲ့ စားသုံးနိုင်သလို အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေနဲ့လည်း စားသုံးနိုင်ပါသေးတယ်။ ဒါတင်မကသေးပါဘူး။ နေလောင်ဒဏ်နဲ့ အရက်နာကျခြင်း စတဲ့ ဝေဒနာများကိုလည်း ပျောက်ကင်းသက်သာစေနိုင်ပါသေးတယ်။

ကြက်ဥကြော်နဲ့ အရသာရှိရှိကြော်စားပါ

ကြက်ဥနဲ့ ခရမ်းချဉ်သီးကို ရောကြော်တဲ့ ဟင်းလျာက တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့မှာ အတော်လေး ရေပန်းစားပါတယ်။ တကယ်လို့ သင့်အိမ်မှာ ဖွယ်ဖွယ်ရာရာချက်စားစရာ ဟင်းလျာ အများအပြား မရှိဘူးဆိုရင်တော့ ကြက်ဥနဲ့ ခရမ်းချဉ်သီးကို ရောကြော်ပေးလိုက်ရုံပါပဲ။

ခရမ်းချဉ်သီးသုပ် လုပ်စားမယ်

ခရမ်ချဉ်သီးကို အန်စာတုံးပုံသဏ္ဍာန် ပါးပါးလှီးပြီးနောက် ကြက်သွန်နီ၊ ဆား၊ ငရုတ်သီး၊ နံနံပင်တို့နဲ့ နယ်ပေးလိုက်ရုံနဲ့တင် အရသာရှိတဲ့ ခရမ်းချဉ်သီးသုပ်ကို ထမင်းနဲ့ အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါတယ်။ သံပုယိုသီးလေး ညှစ်ထည့်ပေးလိုက်ရင်တော့ လျှာလည်သွားမယ့်အရသာကို မြည်းစမ်းစားသုံးနိုင်ပါပြီ။

ခရမ်းချဉ်သီးကြော်

အာလူးကြော်လိုမျိုး ခရမ်းချဉ်သီးကို ကြော်စားလို့ရတယ်ဆိုရင် မအံ့သြလိုက်ပါနဲ့နော်။ ပြုလုပ်ပုံအဆင့်ဆင့်ကို ပြောပြရမယ်ဆိုရင်တော့ အရင်ဦးဆုံး ခရမ်းချဉ်သီးကို ကွင်းလိုက် လှီးဖြတ်လိုက်ပါ။ ထို့နောက် အကင်လင်ဗန်းပေါ်တွင် အစီအရီတင်ထားလိုက်ပါ။ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ဆီတို့ ဖြူးပေးပြီးနောက် Oven ထဲမှာ ၅ နာရီ၊ ၆ နာရီခန့် ကြာအောင် ထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ခရမ်းချဉ်သီးကြော်ကို သုံးဆောင်နိုင်ပါပြီ။

နေလောင်ဒဏ်ကို လျော့ပါးသက်သာစေခြင်း

ကမ်းခြေမှာ အပန်းဖြေပြီးလို့ နေလောင်ဒဏ်ခံထားရတယ်ဆိုရင် ခရမ်းချဉ်သီးလေးကိုသာ သတိရလိုက်ပါ။ အရင်ဦးဆုံး ခရမ်းချဉ်သီးကို အကွင်းလိုက် လှီးဖြတ်လိုက်ပါ။ ထို့နောက် နေလောင်ဒဏ်ခံထားရသော အသားအရေပေါ်မှာ မိနစ်အနည်းငယ်ကြာ တင်ထားပေးရပါမယ်။

အရက်နာကျခြင်းကို သက်သာစေခြင်း

သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ လက်ဆုံစားသောက်တဲ့အခါ ဘီယာ ယမကာလေးကလည်း မပါမဖြစ်ပါပဲ။ ယမကာဖျော်ရည်တွေ သောက်တာများသွားလို့ မနက်ရောက်တဲ့အခါ ခေါင်းအရမ်းကိုက်နေပါသလား။ ဒါဆိုရင်တော့ မနက်နိုးလာပြီဆိုတာနဲ့ ခရမ်းချဉ်သိးဖျော်ရည်ကို သောက်သုံးပေးလိုက်ပါ။

ခံစားနေရတဲ့ ဝေဒနာကို လျော့ပါးသက်သာစေရုံသာမက ခရမ်းချဉ်သီးထဲမှာပါတဲ့ Antioxidants နဲ့ ဗီတာမင်ဓာတ်များကြောင့် ခန္ဓာကိုယ်က အားပြည့်သွားပြီး ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။

Source: Tallypress.com