သရက်သီးများက အချိုအရသာလည်း ပေးစွမ်းနိုင်သလို အချဉ်အရသာလည်း ပေးစွမ်းနိုင်တဲ့ အရသာရှိတဲ့သစ်သီးတစ်လုံးဖြစ်တာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာထက်စာရင် သရေစာအစားအစာအဖြစ်မှတ်ယူကြပါတယ်။ ဒါပေမဲ့လည်း သရက်သီးတွေက ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့အညီညွှတ်ဆုံး အသီးတွေထဲက တစ်ခုအပါအဝင်ဖြစ်တာကိုတော့ မေ့ထားလို့မရပါဘူး။

အခုဖော်ပြပေးမှာကတော့ သရက်သီးကို ဘာ့ကြောင့်တစ်နေ့တစ်လုံးစားသုံးသင့်လဲဆိုတဲ့ အကြောင်းပြချက်တွေပဲဖြစ်ပါတယ်။

မျက်လုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေခြင်း

အသက်ကြီးလာတဲ့အခါ မျက်လုံးကြွက်သားများ အားနည်းလာပြီး အမြင်အာရုံမှုန်ဝါးလာကာ မျက်စိမမြင်ရတော့တဲ့ ဒုက္ခကနေ ကင်းဝေးချင်တယ်ဆိုရင် သရက်သီးကို မှန်မှန်စားသုံးသင့်ပါတယ်။ သရက်သီးထဲမှာပါဝင်တဲ့ Zeaxanthin လို့ခေါ်တဲ့ Antioxidant တစ်မျိုးက မျက်လုံးကို ထိခိုက်စေနိုင်တဲ့ အပြာရောင်အလင်းတန်းများကို စစ်ထုတ်ပေးပြီး မျက်လုံးကို ကာကွယ်ပေးထားပါတယ်။

ပန်းနာရင်ကြပ်ရောဂါသမားများအတွက် လက်စွဲဆေးစွမ်းကောင်းတစ်လက်

ပန်းနာရင်ကြပ်ရောဂါဓာတ်ခံရှိသူများအနေနဲ့ Beta-Carotene လို့ခေါ်တဲ့ အာဟာရဓာတ်ကို မှီဝဲမယ်ဆိုရင် ပန်းနာရောဂါ ပိုမိုဆိုးရွားလာနိုင်တဲ့ အန္တရာယ်မှ ကင်းဝေးစေပါတယ်။ Beta-Carotene ဓာတ် ပေါများကြွယ်ဝစွာ ပါဝင်တဲ့ အသီးများကတော့ သရက်သီး၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ကန်းစွန်းဥ၊ ပန်းဂေါ်ဖီစိမ်းနဲ့ သခွားမွှေးတို့ပဲဖြစ်ပါတယ်။ ပန်းနာရင်ကြပ်သမားများ များများစားသုံးပေးသင့်တဲ့အစားအစာတွေပဲဖြစ်ပါတယ်။

အစာချေစနစ်ကောင်းမွန်အောင် ကူညီပေးခြင်း

အစားစားတာ များသွားလို့ ရင်ပြည့်ရင်ကယ်ဖြစ်နေပြီလား။ သရက်သီး စားကြည့်လိုက်ပါ။ သရက်သီးများက အမျှင်ဓာတ်ရော ရေဓာတ်ပါ မြင့်မားစွာပါဝင်ပါတယ်။ အမျှင်ဓာတ်နဲ့ ရေဓာတ်တို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အစာကြေလွယ်အောင် ကူညီပေးပြီး ဝမ်းချုပ်ခြင်းမှာလည်း ကာကွယ်ပေးပါတယ်။

အသားအရေအလှအပနဲ့ ဆံကေသာကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်း

သရက်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင် အေ ၂၀ ရာခိုင်နှုန်းနဲ့ ဗီတာမင် စီ ၁၀၀ ရာခိုင်နှုန်းတို့က အသားအရေ စိုပြေလှပစေဖို့အတွက်ရော ဆံကေသာကျန်းမာသန်စွမ်းဖို့အတွက် စွမ်းဆောင်ပေးနိုင်ပါတယ်။ အသားအရေနဲ့ ဆံကေသာ ကျန်းမာလှပပြီး တင်းတင်းရင်းရင်းလေးဖြစ်နေဖို့အတွက် ကူညီထောက်ပံ့ပေးတဲ့ Collagen တွေကို ထိန်းသိမ်းပေးပြီး အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ရန်အတွက် ဗီတာမင် စီက မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင် အေကတော့ အသားအရေနဲ့ ဆံကေသာ အစိုဓာတ်ရရှိနိုင်ဖို့အတွက် ကူညီပေးတဲ့ Sebum များကို များများစားစား ထုတ်လုပ်နိုင်အောင် ကူညီပေးပါတယ်။

မှတ်ဉာဏ်စွမ်းအားတိုးမြှင့်စေခြင်း

သရက်သီးထဲမှာ ပါဝင်တဲ့ ဂလူတမင်းအက်စစ်က မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးပြီး သင်ယူနိုင်စွမ်းမြင့်မားအောင် ပြဿနာဖြေရှင်းနိုင်စွမ်း ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် ကောင်းမွန်တာကြောင့် စာလေ့လာနေချိန်မှာ အဆာပြေအဖြစ် ကျွေးသင့်ပါတယ်။

Source: thealternativedaily.com