ပန်းကန်ဆေးဆပ်ပြာရည်ကို ပန်းကန်ဆေးတဲ့အခါမှာပဲ အသုံးပြုသင့်ပြီး အခြားသော မီးဖိုချောင်အသုံးအဆောင်ပစ္စည်းများ ဆေးကြောဖို့ရန်အတွက် (လုံးဝ) အသုံးမပြုသင့်ပါဘူး။ အသုံးပြုမိပါက ထိုပစ္စည်းများကို ဖျက်ဆီးရာ ရောက်နိုင်လို့ပါပဲ။

ဒါဆိုရင် ဘယ်လိုမီးဖိုချောင်သုံးပစ္စည်းတွေကို ပန်းကန်ဆေးဆပ်ပြာနဲ့ မဆေးသင့်ဘူးလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

လျှပ်စစ်ကော်ဖီဖျော်စက်

ကော်ဖီဖျော်စက်ကို ပန်းကန်ဆေးဆပ်ပြာနဲ့ ဆေးကြောမိလိုက်မယ်ဆိုရင် နောက်တစ်ကြိမ် ကော်ဖီဖျော်တဲ့အခါ သင့်ရဲ့ကော်ဖီအရသာက ပြောင်းလဲသွားပါလိမ့်မယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ ပန်းကန်ဆေး ဆပ်ပြာရည်က တစ်ကြိမ်တည်း ဆေးကြောသန့်စင်ရုံနဲ့ ပြောင်စင်မသွားလို့ပဲဖြစ်ပါတယ်။ ကြိမ်ဖန်များစွာ ပွတ်တိုက်ဆေးကြောပါကလည်း ကော်ဖီဖျော်တဲ့အခါ လိုအပ်တဲ့ ကော်ဖီရဲ့အဆီများကို ဖယ်ရှားရာရောက်ပါတယ်။

ကား

သင့်ကားကို သန့်စင်ဆေးကြောရာမှာလည်း ပန်းကန်ဆေးဆပ်ပြာရည်ကို အသုံးမပြုသင့်ပါဘူး။ အသုံးပြုမိပါက သင့်ကားရဲ့ဆေးအရောင်ကို ပျက်စီးစေပြီး အကာအကွယ်ဖယောင်းသားကိုလည်း ဖယ်ရှားပစ်လိုက်ပါတယ်။ ဒါ့အပြင် ကားရေဆေးပြီးလို့ ခြောက်သွားတဲ့အခါမှာလည်း ကျန်ခဲ့တဲ့ ဆပ်ပြာအကြွင်းအကျန်တွေက ဆေးကြောရ ခက်ခဲလွန်းလှပါတယ်။

ဆံပင်

ပန်းကန်ဆေးဆပ်ပြာရည်မှာ ဓာတုပစ္စည်း ပါဝင်မှုများတဲ့အတွက်ကြောင့် ထိုဆပ်ပြာဖြင့် ခေါင်းလျှော်မိပါက ဦးရေပြားကို ခြောက်သွေ့ယားယံစေပြီး ဆံကေသာအတွက် လိုအပ်တဲ့ အဆီဓာတ်များအားလုံးကို စုပ်ယူသွားပါလိမ့်မယ်။

သံကြွပ်ဒယ်အိုး

သံကြွပ်ဒယ်အိုးကို ပန်းကန်ဆေးဆပ်ပြာဖြင့် ဆေးကြောခြင်းက ထိုဒယ်အိုးရဲ့အပေါ်ယံအလွှာကို ပျက်စီးစေပြီး ဟင်းချက်တဲ့အခါ ဟင်းရဲ့အရသာ ပျက်ယွင်းသွားနိုင်ပါတယ်။

သံကြွပ်ဒယ်အိုးကို ဆေးကြောဖို့ ပန်းကန်ဆေးဆပ်ပြာ မလိုအပ်ပါဘူး။ ဟင်းချက်ပြီးသွားလို့ ဒယ်အိုး မအေးသွားခင်မှာ ဒယ်အိုးထဲသို့ ဆားထည့်ပါ။ ထို့နောက် စက္ကူတစ်သျှူးဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ ပြီးမှ ရေဆေးချလိုက်မယ်ဆိုရင် သင့် သံကြွပ်ဒယ်အိုးက သန့်စင်သွားပါပြီ။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ ဆေးကြောခြင်း

သင့်ရဲ့ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို အညစ်အကြေးနဲ့ ဓာတုပိုးသတ်ဆေးများ ဖယ်ရှားဖို့ရန်အတွက်ဆိုပြီး ပန်းကန်ဆေးဆပ်ပြာရည်ဖြင့် မဆေးကြောလိုက်ပါနဲ့။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများမှာ မျက်စိဖြင့် မမြင်ရတဲ့ အပေါက်လေးများ ပါဝင်ပြီး ဆပ်ပြာရည်က ထိုအပေါက်ထဲမှာ ပိတ်မိသွားနိုင်ပါတယ်။ ထိုဟင်းသီးဟင်းရွက်များကို စားသုံးမိပါက အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် အခြားအူလမ်းကြောင်းဆိုင်ရာရောဂါများကို ခံစားရနိုင်ပါတယ်။

Source: Brightside.me