ယနေ့ခေတ်မှာ လူသားတွေက စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်နေရတာကြောင့် သူတို့မှာ လုံလောက်တဲ့အချိန်ရယ်လို့ မရှိတာများပါတယ်။ တစ်နေ့တစ်နေ့ အချိန်လုနေရခြင်းကြောင့် လုပ်ငန်းတစ်ခုနဲ့ တစ်ခု လုပ်ဆောင်တဲ့အခါ မနားတော့ဘဲ တရစပ် လုပ်ဆောင်လိုက်ကြပါတယ်။ ဥပမာအနေနဲ့ ထမင်းစားပြီးပြီးချင်း ရေ တန်းချိုးတာမျိုး၊ ကော်ဖီချက်ချင်းသောက်လိုက်တာမျိုးတွေပါ။ ထိုကဲ့သို့ မိမိကိုယ်ကို အနားမပေးဘဲ တရစပ် လုပ်ဆောင်ခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

သင့်အနေနဲ့ ထမင်းစားပြီးပြီးချင်း ရေ မချိုးရဘူးဆိုတာကို သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘာကြောင့် ရေမချိုးရတာလဲဆိုတဲ့ အကြောင်းအရင်းကိုရော သိပြီးပါပြီလား။ ထမင်းစား ပြီးပြီးချင်း ရေချိုးခြင်းအပြင် ဘယ်လိုအရာတွေကို ရှောင်ကြဉ်ရမလဲဆိုတာကိုလည်း ကျန်းမာရေးဗဟုသုတ တိုးပွားအောင် ဆက်ဖတ်ကြည့်လိုက်စို့လား။

လက်ဖက်ရည် သောက်ခြင်း

လေ့လာချက်များအရ ထမင်းစားပြီးပြီးချင်း လက်ဖက်ရည်သောက်သုံးသူများမှာ သံဓာတ်ချို့တဲ့ခြင်း လက္ခဏာများကို မြင်တွေ့ရတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနဲ့ သံဓာတ်ချို့တဲ့သူများအနေနဲ့ ထမင်းစားပြီး တစ်နာရီခန့်ကြာမှသာ လက်ဖက်ရည် သောက်သုံးသင့်ပါတယ်။

အရွယ်ရောက်ပြီးသားသူများအနေနဲ့ လက်ဖက်ရည်အစား ကော်ဖီအစားထိုး သောက်သုံးနိုင်ပါတယ်။ တစ်ခုသတိထားရမှာကတော့ ဗိုက်ထဲမှာ ဘာအစာမျှ မရှိဘဲနဲ့ ကော်ဖီ မသောက်ဖို့ပါပဲ။

အိပ်စက်ခြင်း

ထမင်းစားပြီးပြီးချင်း အိပ်စက်အနားယူပါက အဝလွန်ခြင်းကို ဖြစ်ပေါ်စေတယ်လို့ ရှေးလူကြီးတွေပြောတာကို ကြားဖူးနားဝ ရှိပါလိမ့်။ ထိုအချက်ကိုလည်း လျစ်လျူရှုလို့မရသလို ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ လေချဉ်တက်ခြင်းနဲ့ အက်ဆစ်ဓာတ် မြင့်မားခြင်း၊ ခန္ဓာကိုယ် မအီမသာဖြစ်ခြင်းတို့ကို ရှောင်ကြဉ်လိုပါက စားပြီးပြီးချင် မအိပ်စက်သင့်ပါဘူး။

ဒါ့အပြင် ထမင်းစားပြီး အိပ်စက်အနားယူခြင်းကို ပုံမှန်ပြုလုပ်ပါက နှလုံးရောဂါခံစားရနိုင်ချေ ရှိတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။ ဒါ့ကြောင့် အိပ်စက်ချင်တယ်ဆိုရင်တော့ အစား စားပြီး ၂ နာရီကြာမှသာ အိပ်စက်သင့်ပါတယ်။

ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း

ထမင်းစားပြီးပြီးချင်း လေ့ကျင့်ခန်းပြုလုပ်ပါက ကျို့ထိုးခြင်း၊ အော့အန်ခြင်း၊ တက်ခြင်းတို့ကို ဖြစ်စေနိုင်တာကြောင့် ကျွမ်းကျင်ပညာရှင်များက လေ့ကျင့်ခန်းမလုပ်ဖို့ တားမြစ်ထားပါ။ သင့်အနေနဲ့ မဖြစ်မနေ လေ့ကျင့်ခန်း လုပ်ချင်တယ်ဆိုရင်တော့ ပုံမှန်လမ်းလျှောက်ခြင်းကိုသာ ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တာကိုတော့ ထမင်းစားပြီး ၂ နာရီခြားပြီးမှသာ ပြုလုပ်သင့်ပါတယ်။

ဆေးလိပ်သောက်ခြင်း

သင် စားသုံးလိုက်တဲ့ အစားအစာတွေထဲကမှ လိုအပ်သော ဗီတာမင်နဲ့ သတ္တုဓာတ်များကို ခန္ဓာကိုယ်က စုပ်ယူရမှာဖြစ်ပါတယ်။ ဒါပေမဲ့ သင် ဆေးလိပ်သောက်လိုက်တဲ့အခါမှာတော့ ကယ်လ်စီယမ်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် ဒီဓာတ် စုပ်ယူခြင်းတို့ကို ဆေးလိပ်နှင့် ဆေးရွက်ကြီးများက ပိတ်ဆို့လိုက်မှာဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဆေးလိပ်ဖြတ်လိုက်ခြင်းက အကောင်းဆုံးဖြစ်ပေမယ့်လို့ သင့်အနေနဲ့ ဖြတ်မရဘူးဆိုရင်တော့ ထမင်းစားပြီး မိနစ် ၂၀ ခန့်ကြာမှ ဆေးလိပ်သောက်သင့်ပါတယ်။

ရေချိုးခြင်း

ရေချိုးလိုက်တဲ့အခါ ခန္ဓာကိုယ်အပူချိန်က ဖြည်းဖြည်းချင်း မြင့်တက်သွားပါတယ်။ ထိုဖြစ်စဉ်ကို ထိန်းချုပ်ဖို့ရန်အတွက် ခန္ဓာကိုယ်က အရေပြားဆီသို့ သွေးများ ပိ့ုဆောင်ပေးရပါတယ်။ ထိုကဲ့သို့ ပို့ဆောင်လိုက်ရခြင်းကြောင့် အစာချေစနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပါတယ်။

မဖြစ်မနေ ရေချိုးချင်တယ်ဆိုရင်တော့ ထမင်းစားပြီး မိနစ် ၃၀ ခန့်ကြာမှ ရေချိုးသင့်ပါတယ်။

Source: Brightside.me