သန့်ရှင်းသပ်ရပ်တဲ့ မီးဖိုချောင်နဲ့ အိမ်တွင်းပတ်ဝန်းကျင်လေး ဖန်တီးနိုင်ဖို့အတွက် ဈေးကြီးတဲ့ နောက်ဆုံးပေါ် သန့်ရှင်ရေး ပစ္စည်းများ မလိုအပ်ပါဘူး။

မိမိ မီးဖိုချောင်ထဲမှာ ရှိပြီးသားဖြစ်တဲ့ ရေမြှုပ်ဖော့တုံး၊ မုန့်ဖုတ်ဆိုဒါ၊ ဆား၊ သံပုယိုသီး အစရှိတာတွေကို အသုံးပြုပြီး သန့်ရှင်းတောက်ပြောင်တဲ့ အသုံးအဆောင်ပစ္စည်းများ ဖြစ်သွားအောင် ပြုလုပ်နိုင်ပါတယ်။

ထိုပစ္စည်းတွေ အသုံးပြုပြီး မီးဖိုချောင်နဲ့ အိမ်သုံးပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းရေး ပြုလုပ်နိုင်မလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

မိုက်ခရိုဝေ့ဖ်ကို သန့်ရှင်းရေး လုပ်မယ်

ပန်းကန်ဆေးရေမြှုပ်ပေါ်သို့ ဆပ်ပြာရည်များ လောင်းထည့်ကာ အမြှုပ်များထလာအောင် ပွတ်တိုက်ပေးပါ။ ထို့နောက် မိုက်ခရိုဝေ့ဖ်ထဲထည့်ကာ စက္ကန့် ၃၀ ခန့် အပူပေးပါ။ သတ်မှတ်ချိန်ပြည့်ပါက မိုက်ခရိုဝေ့ဖ်အတွင်းနံရံများကို ရေမြှုပ်ဖြင့် ပွတ်တိုက်ပေးလိုက်ပါ။

မုန့်ဖုတ်ဆိုဒါအသုံးပြုပြီး မွေ့ယာကို သန့်ရှင်းရေး လုပ်ကြမယ်

ညစ်ပတ်နေတဲ့ မွေ့ယာကို လျှော်ဖွတ်ဖို့ရာ မဖြစ်နိုင်တဲ့အတွက်ကြောင့် မွေ့ယာပေါ်မှာ မုန့်ဖုတ်ဆိုဒါလေး ဖြူးလိုက်ပါ။ ထို့နောက် နာရီပိုင်းအနည်းငယ်ကြာတဲ့အခါမှာတော့ ဖုန်စုပ်စက်ဖြင့် စုပ်ပေးလိုက်မယ်ဆိုရင် မွေ့ယာပေါ်ရှိ ဖုန်မုန့်၊ အညစ်အကြေးများနှင့် အနံ့အသက်ဆိုးများကို ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မယ်။

စဉ်းနီတုံးကို ဆား၊ သံပုယိုသီးဖြင့် သန့်ရှင်းရေး လုပ်မယ်

သစ်သားစဉ်းနီတုံးကို သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် အရင်ဦးဆုံး စဉ်းနီတုံးပေါ်သို့ ဆား ဖြူးပေးလိုက်ပါ။ ထို့နောက် သံပုယိုသီးကို ထက်ခြမ်းခြမ်းပြီး ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင်တော့ ရေနွေးနွေးဖြင့် ဆေးကြောပေးလိုက်မယ်ဆိုရင် သင့်ရဲ့ စဉ်းနီတုံးက အသစ်အတိုင်း သန့်ရှင်းတောက်ပြောင်သွားပါလိမ့်မယ်။

ပေါင်မုန့်မီးကင်စက်ကို သန့်ရှင်းရေး လုပ်မယ်

အသုံးမပြုတော့တဲ့ သွားတိုက်တံလေး အသုံးပြုပြီး ပေါင်မုန့်မီးကင်စက်ရဲ့တိုက်ချွတ်ရခက်တဲ့ နေရာများကိုပါ အလွယ်တကူ သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။

ပန်းကန်ဆေးဘေစင်ကို သန့်ရှင်းအောင် ပြုလုပ်မယ်

အရင်ဦးဆုံး ပန်းကန်ဆေးဘေစင်ကို မုန့်ဖုတ်ဆိုဒါနှင့် သွားတိုက်တံအစောင်းအသုံးပြုပြီး ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် သံပုယိုသီးစိပ်အနည်းငယ်ကို ဘေစင်အပေါက်ထဲထည့်ပြီး ရေဖြင့် ထပ်မံဆေးကြောလိုက်မယ်ဆိုရင် သင့်ရဲ့ပန်းကန်ဆေးဘေစင်က သန့်ရှင်းတောက်ပြောင်သွားပါပြီ။

ညစ်ပတ်နေတဲ့မီးပူကို ဆားဖြင့် သန့်ရှင်းရေး လုပ်ကြမယ်

မီးပူတိုက်စင်ပေါ်သို့ ကတ္ထူစက္ကူလေး ခင်းထားပါ။ ထိုစက္ကူပေါ်သို့ ဆားအနည်းငယ် ဖြူးလိုက်ပါ။ ထို့နောက် မီးပူကို အပူချိန်အမြင့်ဆုံးသို့ တင်ထားပြီး ဆားအပေါ်ကနေ ပွတ်တိုက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့မီးပူက အသစ်အတိုင်း သန့်ရှင်းတောက်ပြောင်သွားပါပြီ။

ဒီနည်းလမ်းလေးတွေက စာဖတ်သူတို့ရဲ့မီးဖိုချောင်နဲ့ အိမ်တွင်းပတ်ဝန်းကျင်လေးကို သန့်ရှင်းသပ်ရပ်သွားအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Brightside.me